Burma Live

Burma Live

แชร์

all about football

21/08/2026

အမ်းမရိတ်စ်က အဖွင့်ည...
1:30 AM

ပရီးမီးယားလိဂ် ရာသီသစ် (၂၀၂၆-၂၇) ရဲ့ ပထမဆုံးပွဲ စတင်တော့မှာ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ရာသီက နှစ်ပေါင်း ၂၂ နှစ်ကြာ စောင့်ဆိုင်းခဲ့ရတဲ့ လိဂ်ဖလားကို ဆွတ်ခူးခဲ့သလို၊ လွန်ခဲ့တဲ့ စနေနေ့ကလည်း မန်စီးတီးကို ၃-၀ နဲ့ အပြတ်အသတ်နိုင်ပြီး Community Shield ကို ကိုင်မြှောက်ထားတဲ့ အာဆင်နယ်အတွက်တော့ ဒီပွဲဟာ ချန်ပီယံဆုကို ကာကွယ်ဖို့ ပထမဆုံး ခြေလှမ်းပါပဲ။

တစ်ဖက်မှာတော့ ကွာတားရာစု ၂၅ နှစ်ကြာမှ ထိပ်တန်းလိဂ်ဆီ ပြန်လည် တက်လှမ်းခွင့်ရခဲ့တဲ့ ဖရန့်ခ်လမ်းပတ်ရဲ့ ကိုဗင်ထရီစီးတီး တည်ရှိနေတာကြောင့် မတူညီတဲ့ မျှော်လင့်ချက်နှစ်ခု တိုက်ဆိုင်နေတဲ့ အဖွင့်ညလည်း ဖြစ်ပါတယ်။

ဆလီဘာနဲ့ တင်ဘာတို့ ဒဏ်ရာကြောင့် ပျက်ကွက်နေပေမယ့် ခံစစ်က တည်ငြိမ်မှု ရှိနေဆဲပါ။ ဘရူနို ဂွီမာရက်စ်အတွက် ပထမဆုံး အစမ်းသပ်ခံပွဲဖြစ်လာနိုင်ပြီး၊ အိုဒီဂေါ့ဒ်နဲ့အတူ ကွင်းလယ်ကို စိုးမိုးပါလိမ့်မယ်။ တိုက်စစ်အတွက် Community Shield မှာ ဂိုးသွင်းယူခဲ့တဲ့ ဟာဗတ်ဇ်က ပထမပွဲစဉ်မှာ ပွဲထွက်ခွင့်ရဖို့ ပိုမို အခွင့်အရေး သာနေပါတယ်။

နည်းပြ ဖရန့်ခ်လမ်းပတ်က ကစားသမား ၈ ဦးအထိ ခေါ်ယူကာ အင်အားဖြည့်ထားသော်လည်း အဓိကတိုက်စစ်မှူး ဟာဂျီရိုက် ဒဏ်ရာကြောင့် လွဲချော်ရတာက အသင်းအတွက် ရိုက်ခတ်မှု ကြီးမားပါတယ်။ ချန်ပီယံရှစ်ပ်မှာ ပေးဂိုး အနည်းဆုံး ခံစစ်ကျစ်လစ်မှုကို အခြေခံပြီး တိုက်စစ်ရဲ့ ကောင်တာတုံ့ပြန်မှုနဲ့ အခွင့်အရေး ရှာဖွေရမှာ ဖြစ်ပါတယ်။

သမိုင်းကြောင်းအရ ၇၆ ကြိမ် တွေ့ဆုံမှုမှာ ၄၃ ကြိမ်အထိ အနိုင်ရထားတဲ့အပြင်၊ အိမ်ကွင်း အားသာချက်နဲ့ လူအင်အား သာလွန်မှုတွေကြောင့် အာဆင်နယ်က ပွဲကို အပြည့်အဝ ထိန်းချုပ်ထားမှာ သေချာသလောက်ရှိပါတယ်။ ထိပ်တန်းလိဂ်ရဲ့ အရှိန်အဟုန်ကို စတင်ရင်ဆိုင်ရမယ့် ကိုဗင်ထရီအတွက် ပွဲချိန်အပြည့် တောင့်ခံဖို့ ခက်ခဲမည်ဖြစ်ရာ အာဆင်နယ်က ရာသီအသစ်၏ ပထမဆုံး ၃ မှတ်ကို လှပစွာ သိမ်းပိုက်သွားဖွယ် ရှိနေပါတယ်။





#အာဆင်နယ်ကိုဗင်ထရီ

16/08/2026

Arsenal vs Man City
8:30 PM

ဒီညနေ ကာဒစ်ဖ် မြို့ရဲ့ Principality Stadium ထဲမှာ ပဲ့တင်ထပ်လာမယ့် ပွဲစဉ်ဟာ ရာသီသစ်ရဲ့ အစပြုခြင်းတစ်ခုတင် မကပါဘူး။ ဒါဟာ နှစ်ပေါင်း ၂၂ နှစ်ကြာ စောင့်ဆိုင်းခဲ့ရတဲ့ ပရီးမီးယားလိဂ်ကို မြှောက်ကိုင်အပြီး အာဆင်နယ် အတွက် ရာသီသစ်မှာ ရယူချင်တဲ့ ပထမဆုံး Trophy ခြေလှမ်းဖြစ်သလို၊ မန်စီးတီး ဘက်ကလည်း ပပ်ဂွာဒီယိုလာ မရှိတော့တဲ့နောက် အန်ဇိုမာရက်စကာရဲ့ နည်းဗျူဟာအောက်မှာ ခေတ်သစ်တစ်ခုကို စတင်တည်ဆောက်ပြရမယ့် စမ်းသပ်မှု ပွဲစဉ်တစ်ခုလည်း ဖြစ်ပါတယ်။

လတ်တလော Head-to-Head ရလဒ်တွေအရ ကြည့်ရင် မန်စီးတီးက နောက်ဆုံး ၅ ကြိမ်မှာ ၃ ကြိမ်အနိုင်ရထားပြီး စိတ်ပိုင်းအားသာချက်ရှိနေပါတယ်။ EFL Cup ဗိုလ်လုပွဲရော၊ လိဂ်ပွဲစဉ်တွေမှာပါ စီးတီးက အသာစီးယူခဲ့တာပါ။ ဒါပေမဲ့ တစ်ပွဲတည်းနဲ့ အဆုံးအဖြတ်ပေးရတဲ့ ပြိုင်ပွဲစင်မြင့်မှာတော့ ၂၀၂၃ က ပင်နယ်တီနဲ့ အနိုင်ရခဲ့ဖူးတဲ့ အာဆင်နယ်ရဲ့ အငွေ့အသက်က တည်ရှိနေဆဲ ဖြစ်ပါတယ်။

နှစ်သင်းစလုံးဟာ Preseason ကာလမို့ ပုံစံပြည့် မရသေးပါဘူး။ အာဆင်နယ်က Defensive Reinforcement အသစ်တွေကို ဆက်လက် ရှာဖွေနေဆဲဖြစ်သလို၊ စီးတီးကလည်း ရိုဒရီရဲ့ အနာဂတ်နဲ့ ရိုင်းဒါး ထွက်ခွာမယ့် အရေးကိစ္စတွေကြားမှာ စနစ်တစ်ခုကို ပြန်လည် တည်ဆောက်နေရတဲ့ အကူးအပြောင်း ကာလ ဖြစ်ပါတယ်။

အာတေတာရဲ့ အာဆင်နယ်ဟာ စနစ်ကျပြီးသား Core Squad ကို အခြေခံပြီး ဘရူနို ဂီမာရိုက်စ်၊ ခရစ္စတို ဇိုးလစ် နဲ့ ဗစ်တာ ယောကရက်စ် တို့လို စွမ်းအားမြင့်နဲ့ သွေးသစ်တွေကို ပေါင်းစပ်ဖို့ ပြင်ဆင်နေပါတယ်။

ရိုက်စ် ပါဖို့ မဖြစ်နျြင်သေးရင်တောင် အိုဒီဂတ်၊ ဂွီမာရက်ဇ် တို့ရဲ့ Midfield Axis ဟာ စီးတီးရဲ့ လစ်ဟာနေနိုင်တဲ့ ကွင်းလယ်ပြင်ကို စိစစ်စိုးမိုးဖို့ ကြိုးစားပါလိမ့်မယ်။ ရှေ့တန်းက High-Press စနစ်က စီးတီးရဲ့ Defense Line ကို ဖိအားပေးထားမှာဖြစ်ပြီး မော့စ်ကွဲယားရဲ့ ပါဝင်လာနိုင်ခြေကလည်း ခံစစ်အတွက် စိတ်ဝင်စားစရာ ဖြစ်လာပါလိမ့်မယ်။

မာရက်စ်ကာရဲ့ ခေတ်သစ်မန်စီးတီး တိုက်စစ်ဟာ ဂွာဒီယိုလာခေတ်ထက် ပိုမို Direct ဖြစ်တဲ့ counter-attack စနစ်ကို မြင်တွေ့ရနိုင်ပါတယ်။ ဒိုကူတို့ရဲ့ လျှင်မြန်မှုဟာ အာဆင်နယ် ခံစစ်လိုင်းကို ချက်ချင်း တုံ့ပြန်ထိုးနှက်နိုင်တဲ့ လက်နက်ဆန်းတွေ ဖြစ်ပါတယ်။ ရိုဒရီတို့ မသေချာသေးတာကြောင့် စီးတီး ကွင်းလယ်ရဲ့ Rhythm ဟာ မတည်ငြိမ်မှု အနည်းငယ် ရှိနေနိုင်ပါတယ်။

ဒီပွဲရဲ့ ရလဒ်ကို မိနစ် ၉၀ အတွင်း တိတိကျကျ ပိုင်းဖြတ်ဖို့ ခက်ခဲပါတယ်။ Preseason အမှားအယွင်းအချို့ကနေ ဂိုးတွေ ပေါ်ထွက်လာနိုင်ပြီး၊ မိနစ် ၉၀ အတွင်း 1-1 သို့မဟုတ် 2-2 ရလဒ်ဖြင့် ပြီးဆုံးကာ ပင်နယ်တီ အဆုံးအဖြတ်ထိ ရောက်ရှိသွားဖို့ ရာခိုင်နှုန်း အမြင့်မားဆုံး ဖြစ်ပါတယ်။

ပရိသတ်အရှိန်နဲ့ ရာသီသစ် Trophy ရယူချင်တယ့် Confidence ကို ထည့်တွက်ရင် အာဆင်နယ် ဘက်က အနည်းငယ် ပိုမို မျှော်လင့်ချက် ရှိနေပေမယ့် မန်စီးတီးရဲ့ တိုက်စစ်အဟုန်ကိုလည်း လျှော့တွက်လို့ ရမည်မဟုတ်ပါဘူး။ ဂိုးများဖို့ မျှော်လင့်လို့ရပါတယ်။




#အာဆင်နယ်မန်စီးတီး
#ကွန်မြူနတီဒိုင်း

08/08/2026

ကာရစ်၊ INEOS နဲ့ ယူနိုက်တက် ရှေ့ဆက်မယ့်လမ်း ...

အိုးထရက်ဖို့ဒ်ရဲ့ စင်္ကြံထက်မှာ မျှော်လင့်ချက်ဟောင်းတွေ ပြန်လည် အသက်ဝင်လာတာလား၊ ဒါမှမဟုတ် ပုံရိပ်ယောင် အိပ်မက်တစ်ခုကိုပဲ အရောင်တင်နေကြတာလားဆိုတာ မန်ချက်စတာယူနိုက်တက်ရဲ့ လက်ရှိ ခြေလှမ်းတွေကို ကြည့်ရင် အဖြေထုတ်ရ ခက်ခဲနေဆဲပါ။ ကလပ်ရဲ့ ကံကြမ္မာကို ပြန်လည်တည့်မတ်ဖို့ ကြိုးပမ်းနေတဲ့ INEOS အုပ်ချုပ်ရေးအဖွဲ့နဲ့ နည်းပြသစ် မိုက်ကယ်ကာရစ်တို့ရဲ့ ရာသီသစ် ပြင်ဆင်မှုတွေဟာ ပရိသတ်တွေကြားထဲမှာ ရင်ခုန်သံနဲ့အတူ သံသယတွေကိုပါ ပူးတွဲမွေးဖွားပေးနေပါတယ်။

စန်းပွင့်ခဲ့တဲ့ ကြားဖြတ်နည်းပြဘဝကနေ ၂၀၂၈ ( extension ပါရင် ၂၀၂၉) အထိ ရေရှည်စာချုပ် ချုပ်ဆိုနိုင်ခဲ့တဲ့ ကာရစ်ရဲ့ ဖြစ်တည်မှုဟာ သာမန် ပေါင်းကူးတံတား တစ်ခု မဟုတ်တော့တာတော့ သေချာပါတယ်။ INEOS ရဲ့ လာမယ့် ၂၀၂၈ ခုနှစ်၊ ကလပ် သက်တမ်း ၁၅၀ ပြည့် အထိမ်းအမှတ်မှာ ပရီးမီးယားလိဂ် ချန်ပီယံဆုကို အရယူမယ်ဆိုတဲ့ မဟာဗျူဟာမြောက် ရည်မှန်းချက်နဲ့ ကာရစ်ရဲ့ စာချုပ်သက်တမ်း ကွက်တိကျနေတာက မန်ယူနိုက်တက် အနာဂတ်ရဲ့ ဗဟိုပြုရာဟာ ကာရစ်ပဲဖြစ်တယ်လို့ အခိုင်အမာ ညွှန်ပြနေတာပါ။ ဒါပေမဲ့ ဘောလုံးကမ္ဘာရဲ့ အမှန်တရားအရ ၂ နှစ်ဆိုတဲ့ အချိန်ကာလဟာ ရလဒ်မကောင်းရင် မျက်စိတစ်မှိတ်အတွင်း ပြောင်းလဲသွားနိုင်သလို၊ ဘိုရိုမှာ အတက်အကျများခဲ့တဲ့ ကာရစ်အတွက် ယူနိုက်တက်လို ဖိအားစက်ဝန်းထဲမှာ တောက်လျှောက် အောင်မြင်နေဖို့ဆိုတာ သက်သေပြစရာတွေ အများကြီး ကျန်နေပါသေးတယ်။

ရာသီသစ်အတွက် ခန်းမှန်းခြေ ပေါင် ၂၅၀ သန်းဝန်းကျင်အထိ သုံးစွဲဖို့ ပြင်ဆင်ခဲ့တဲ့ ဈေးကွက်လှုပ်ရှားမှုမှာတော့ INEOS တို့ တကယ်တမ်း အင်ဂျင်ကြီးမနှိုးနိုင်သေးတာကို တွေ့ရပါတယ်။ ကွင်းလယ်နဲ့ ဘယ်တောင်ပံကို အဓိက အားဖြည့်ဖို့ ကြိုးစားရာမှာ မာသီးယပ်စ် ဖာနန်ဒက်စ်ကို တော်တင်ဟမ်ဆီ လုယူခံလိုက်ရတာ၊ အတ္တလန်တာ က အီဒါဆင်ရဲ့ ဆေးစစ်ဆေးမှု ပျက်ပြယ်သွားတာတွေကြောင့် Plan A တွေ ပျက်စီးခဲ့ရတာပါ။ ဒါကြောင့်လည်း ချဲလ်ဆီးက အန်ဒရေ ဆန်းတို့စ် နဲ့ အက်စတွန်ဗီလာက ယူရီတိုင်လီမန်းစ် ကို အရခေါ်ယူကာ Plan B ဘက်ကို အရေးပေါ် ဦးလှည့်ခဲ့ရပါတယ်။

ဒီခေါ်ယူမှုနှစ်ခုဟာ မန်ယူနိုက်တက်ကွင်းလယ်ရဲ့ အဓိကလူဖြစ်ခဲ့တဲ့ ကက်စီမီရို ထွက်ခွာသွားမှုကို အပြည့်အဝ အစားထိုးနိုင်မလားဆိုတာ မေးခွန်းထုတ်စရာပါ။ ဆန်းတို့စ်ရဲ့ ခိုအောင်းနေတဲ့ စွမ်းရည်နဲ့ တိုင်လီမန်းစ်ရဲ့ line break ဖြတ်ကျော် ပေးပို့နိုင်မှုတွေက ကောင်းမွန်ပေမဲ့ ကက်စီမီရို ပေးစွမ်းခဲ့တဲ့ physical အသာစီးရယူနိုင်မှု နဲ့ ပွဲကို ထိန်းချုပ်နိုင်တဲ့ အတွေ့အကြုံမျိုးကို ၂၂ နှစ်အရွယ် ဆန်းတို့စ်ဆီကနေ ချက်ချင်းရဖို့ဆိုတာ မဖြစ်နိုင်ပါဘူး။ အထူးသဖြင့် အူဂါတေး ရဲ့ ဒဏ်ရာပြဿနာ၊ ခြေမမှန်မှုနဲ့အတူ ကွင်းလယ် လိုအပ်ချက်ကြောင့် ပရီးမီးယားလိဂ် မစတင်မီ ပိုမို ကြံ့ခိုင်တောင့်တင်းတဲ့ တတိယ ကွင်းလယ်လူတစ်ယောက်ကို ထပ်မံခေါ်ယူဖို့ ဖိအားတွေ ရှိနေဆဲ ဖြစ်ပါတယ်။

ဒီကြားထဲမှာ တောင်ပံ/နောက်ခံလူနေရာအတွက် နော်တင်ဟမ်ဖောရက်စ်ရဲ့ နီကို ဝီလီယံနဲ့ နယူးကာဆဲလ်ရဲ့ ဟောလ်ကို မျက်စိကျနေတာဟာ ဒါလော့ရဲ့ နေရာကို ခြိမ်းခြောက်လာနိုင်သလို၊ ဘာစီလိုနာက ဝယ်ယူခွင့်အသုံးမပြုခဲ့တဲ့ ရက်ရှ်ဖို့ဒ်ရဲ့ အနာဂတ်ကလည်း အသင်းရဲ့ လူအင်အားဖွဲ့စည်းပုံမှာ အရေးပါတဲ့ အပြောင်းအလဲတစ်ခု ဖြစ်လာနိုင်ပါတယ်။

အသင်းပိုင်ရှင်တွေရဲ့ ဆုဖလားတိုင်းအတွက် တိုက်ပွဲဝင်မယ်ဆိုတဲ့ ရဲဝံ့တဲ့ စကားလုံးတွေနဲ့ ဝိန်းရွန်နီ၊ ဆီလ်ဗက်စတာတို့လို ကစားသမားဟောင်းတွေနဲ့ ဝေဖန်သူတွေရဲ့ သုံးသပ်ချက်ကြားမှာ ကြီးမားတဲ့ ကွာဟချက်တစ်ခု ရှိနေပါတယ်။ အမှန်တကယ် လက်တွေ့ကျတဲ့ မျှော်လင့်ချက်က ပရီးမီးယားလိဂ် ချန်ပီယံစိန်ခေါ်မှုထက် Top 4 ပြန်ဝင်ဖို့နဲ့ ပြည်တွင်းဖလားတစ်လုံးရရှိရေးသာ ဖြစ်သင့်တယ်လို့ သုံးသပ်နေကြတာပါ။

ကွင်းပြင်ပမှာတော့ INEOS ရဲ့ ပုံရိပ်က ပိုမိုကြီးမားပါတယ်။ ပေါင် ၂ ဘီလီယံခန့် ကုန်ကျမယ့် ပရိသတ် ၁၀၀,၀၀၀ ဆံ့ Wembley of the North ကွင်းသစ်ကြီး တည်ဆောက်ဖို့ မြေ ဧက ၂၅ ဧကကို ဝယ်ယူပြီးဖြစ်သလို၊ ဘဏ္ဍာရေးအရလည်း ချန်ပီယံလိဂ်ဝင်ခွင့်နဲ့အတူ ဝင်ငွေ ပေါင်သန်း ၈၀၀ ကျော်ဖို့ မျှော်လင့်နေပါတယ်။ ဒါပေမဲ့ ပေါင် ၄၀၅.၇၅ သန်းခန့် ရှိနေသေးတဲ့ အပြောင်းအရွှေ့ကြွေးမြီတွေနဲ့ ဂလazer ခေတ်က အမွေဆိုးတွေက ဖိစီးနေဆဲပါ။

မန်ချက်စတာယူနိုက်တက်ဟာ ကွင်းတွင်းမှာ ကာရစ်ကို ဗဟိုပြုလို့ ၂၀၂၈ အရောက် ပြန်လည်ရုန်းထကြွဖို့ ကြိုးစားနေသလို၊ ကွင်းပြင်ပမှာလည်း ရေရှည်ဝင်ငွေရရှိမယ့် အခြေခံအဆောက်အအုံတွေကို ပြိုင်တူတည်ဆောက်နေတဲ့ Dual-track Approach လမ်းကြောင်းပေါ် လျှောက်လှမ်းနေတာ ဖြစ်ပါတယ်။ ဒါပေမဲ့ Plan B ကစားသမားတွေနဲ့ စတင်ရမယ့် ရာသီသစ်မှာ လက်တွေ့ကွင်းတွင်း ရလဒ်တွေကသာ ဒီ ရေရှည်စီမံကိန်းကြီး အမှန်တကယ် အသက်ဝင်မဝင်ဆိုတာကို ဆုံးဖြတ်ပေးသွားမှာ ဖြစ်ပါတယ်။




20/03/2026

ငွေပုံပေါ်မှာ အိပ်ပျော်နေတဲ့ ပရီးမီးယားလိဂ်.....

အီတီဟတ်ကွင်းမှာ မီးရှူးမီးပန်းတွေ၊ အလင်းရောင်တွေနဲ့ ခမ်းခမ်းနားနား စတင်ခဲ့တဲ့ ညချမ်းဟာ မန်ချက်စတာစီးတီးအသင်း ချန်ပီယံလိဂ်ကနေ ရီးရဲလ်မက်ဒရစ်ကို ရှုံးနိမ့်ပြီး ထွက်ခွာခဲ့ရတာနဲ့ အဆုံးသတ်သွားခဲ့ပါတယ်။ ဒါဟာ ၃ ရာသီဆက်တိုက် မက်ဒရစ်ကို ရှုံးနိမ့်ခဲ့တာဖြစ်ပြီး ဒီတစ်ကြိမ်မှာတော့ နှစ်ကျော့ပေါင်း ၅-၁ ဆိုတဲ့ ရလဒ်နဲ့ ဂုဏ်သိက္ခာကျဆင်းစွာ ရှုံးနိမ့်ခဲ့တာပါ။

တစ်ချိန်တည်းမှာပဲ လွန်ခဲ့တဲ့ ၄ နှစ်အတွင်း ကမ္ဘာ့ဘောလုံးလောကမှာ အသုံးစရိတ်အများဆုံးဖြစ်တဲ့ ချဲလ်ဆီးအသင်းဟာလည်း စတန်းဖို့ဒ်ဘရစ်ချ်ကွင်းမှာ ပီအက်စ်ဂျီ ကို နှစ်ကျော့ပေါင်း ၈-၂ နဲ့ အပြတ်အသတ်ရှုံးနိမ့်ခဲ့လို့ ပရိသတ်တွေရဲ့ လှောင်ပြောင်ခြင်းကို ခံခဲ့ရပါတယ်။

နောက်ထပ် နယူးကာဆဲလ် နဲ့ စပါးစ် တို့ဟာလဲ ဂိုးပြတ်တွေရှုံးနိမ့်ရပြန်ပါတယ်။ ဒီထဲမှာ ချဲလ်ဆီးကလွဲလို့ ကျန် ၃ သင်းလုံးဟာ စပိန်ထိပ်သီးကလပ်တွေကို အပြတ်အသတ် လက်မြှောက်ခဲ့ရတာပါ။ ဒါဟာ ဒီ ၄ သင်းအတွက်တင်မကပဲ တစ်ခုလုံးသော အင်္ဂလန်ပရီးမီးယားလိဂ်အတွက်ပါ ကြီးမားတဲ့ ရိုက်ခတ်မှုတစ်ခု ဖြစ်လာခဲ့ပါတယ်။ လက်ရှိမှာ အင်္ဂလန်ကလပ်တွေထဲက အာဆင်နယ် နဲ့ လီဗာပူးလ် ၂ သင်းသာ ကွာတားဖိုင်နယ်ကို တက်လှမ်းနိုင်ခဲ့ပါတယ်။ ဒါတောင် အဝေးကွင်းပွဲစဉ်တွေမှာ အခက်အခဲ‌ ကိုယ်စီတွေ့ခဲ့ကြပါသေးတယ်။

ပရီးမီးယားလိဂ်ဟာ ကမ္ဘာ့အချမ်းသာဆုံး ကလပ် ၁၀ သင်းထဲမှာ ၆ သင်းအထိ ပါဝင်နေပေမဲ့ ဥရောပစင်မြင့်မှာ ဘာကြောင့် ဒီလောက်အထိ ရုန်းကန်နေရတာလဲဆိုတာ မေးခွန်းထုတ်စရာပါ။

ပထမအချက်က ကစားဟန် ပြောင်းလဲမှုလို့ ဆိုရပါမယ်။ အရင်က ပရီးမီးယားလိဂ်ဟာ မြန်ဆန်ပြီး လွတ်လပ်တဲ့ ကစားကွက်ကို အားပြုခဲ့ပေမဲ့ လက်ရှိမှာတော့ ရုပ်ပိုင်းဆိုင်ရာ အသားပေးပြီး ကစားတဲ့ (Abrasive Style) ဘက်ကို ပိုရောက်သွားပါတယ်။ ဒါဟာ ပြည်တွင်းမှာ အလုပ်ဖြစ်ပေမဲ့ ဥရောပရဲ့ နည်းစနစ်ကြွယ်ဝတဲ့ အသင်းတွေရှေ့မှာတော့ အားနည်းချက် ဖြစ်သွားပါတယ်။

နောက်ထပ် အဓိကအချက်က ပွဲပန်းမှုဒဏ်ပါ။ လီဗာပူးလ်နည်းပြ အာနေး စလော့ ထောက်ပြသလိုပဲ၊ အင်္ဂလန်မှာ ဆောင်းရာသီနားရက် မရှိတာက ကစားသမားတွေကို နွေဦးကာလမှာ အားကုန်သွားစေပါတယ်။ ကျန်တဲ့ အသေးစိတ်အချက်လေးတွေလဲ ရှိနေပါသေးတယ်။ ဥပမာ ထိပ်သီးအသင်းတွေရဲ့ အပြောင်းအလဲကာလ ဖြစ်နေခြင်းပါ။ မန်စီးတီးနဲ့ လီဗာပူးလ်တို့ဟာ အသင်းကို အကြီးစား ပြန်လည်တည်ဆောက်နေရတဲ့ ကာလ (Rebuild) ဖြစ်နေသလို၊ ချဲလ်ဆီးကတော့ ငွေတွေဘယ်လောက်သုံးသုံး လူစုံမရသေးတဲ့ အခြေအနေမှာ ရှိနေပါတယ်။ ဒါကိုလဲ ထည့်စဉ်းစားရပါမယ်။

အင်္ဂလန်ရဲ့ ခံစစ်အကောင်းဆုံး‌တွေထဲကလို့ ဆိုရမယ့် စီးတီးနဲ့ ချဲလ်ဆီးတို့ဟာ နှစ်ကျော့ပေါင်းမှာ ၁၃ ဂိုးအထိ ခွင့်ပြုခဲ့ရတာဟာ ထိတ်လန့်စရာပါ။ ဗီနီစီးယပ်စ်၊ ယာမဲလ် နဲ့ ကွာဗရာစခီလီယာ အစရှိသဖြင့် သူတို့လို တီထွင်ဖန်တီးမှု ကောင်းတဲ့ ကစားသမားတွေကို အင်္ဂလန်ကလပ်နောက်တန်းတွေ မထိန်းချုပ်နိုင်ခဲ့ပါဘူး။

ပရီးမီးယားလိဂ်ဟာ ဒီရာသီမှာ Set-piece တွေကနေ ဂိုးရဖို့ကိုပဲ အဓိကထားလာပြီး၊ ပါရမီရှင် ကစားသမားတွေရဲ့ တစ်ဦးချင်းစွမ်းဆောင်ရည်နဲ့ ဖန်တီးမှုတွေ ပျောက်ဆုံးနေတာကလည်း ဥရောပထိပ်သီးတွေနဲ့ ကွာဟသွားစေတဲ့ အချက်တစ်ချက် ဖြစ်ပါတယ်။

ကမ္ဘာ့အသုံးစရိတ်အများဆုံး ၁၃ သင်းထဲမှာ ၁၁ သင်းက အင်္ဂလန်ကလပ်တွေ ဖြစ်ပါတယ်။ ဒါပေမဲ့ အဲဒီထဲက စပါးစ်၊ နော့တင်ဟမ်ဖောရက်စ်နဲ့ ဝက်စ်ဟမ်းတို့ဟာ ပြည်တွင်းလိဂ်မှာ တန်းဆင်းဇုန်ထဲ ရောက်နေပါတယ်။ ဒါဟာ ပိုက်ဆံရှိတိုင်း အောင်မြင်တာမဟုတ်ဘူး ဆိုတာကို ပြသနေတဲ့ သာဓကပါပဲ။

လက်ရှိမှာ အာဆင်နယ်တစ်သင်းတည်းသာ ဥရောပမှာ အကောင်းဆုံး‌တွေထဲက တစ်သင်းလို့ ခေါ်ဝေါ်ခံရဖို့ နီးစပ်နေပြီး ကျန်တဲ့အသင်းတွေကတော့ ဥရောပရဲ့ ထိပ်တန်းအဆင့် (Elite Level) ကနေ ကွာဟနေဆဲ ဖြစ်ပါတယ်။ ဂွာဒီယိုလာက သူ့အသင်းကို ချီးကျူးခဲ့ပေမဲ့ မန်စီးတီးဟာ အရင်ကလို ဥရောပမှာ အကောင်းဆုံးအသင်းလို့ ပြောနိုင်တဲ့အခြေအနေကနေ အလှမ်းဝေးသွားပါပြီ။ ချဲလ်ဆီးဆိုရင် ပိုဆိုးပါတယ်။ ဂျိုးကိုးလ် ပြောသလိုပဲ "ချဲလ်ဆီးဟာ ဥရောပအဆင့်နဲ့ ယှဉ်ရင် မိုင်ပေါင်းများစွာ ဝေးကွာနေဆဲ" ပါပဲ။

အင်္ဂလန်ကလပ်တွေဟာ ငွေကြေးအင်အား၊ မီဒီယာ၊ ရုပ်သံပြကွက်‌တွေနဲ့ ပြည်တွင်းပြိုင်ဆိုင်မှု ပြင်းထန်စွာ ကမ္ဘာ့ဘောလုံးလောကကို လွှမ်းမိုးထားနိုင်ပေမဲ့၊ ဥရောပ ချန်ပီယံလိဂ်အဆင့်ရဲ့ လက်တွေ့ရလဒ်တွေမှာတော့ ထိပ်သီးတွေဖြစ်တဲ့ ဘာစီလိုနာ၊ ရီးရဲလ်မက်ဒရစ်၊ ပီအက်စ်ဂျီ နဲ့ ဘိုင်ယန်မြူးနစ်တို့ရဲ့ နောက်မှာ ကျန်ရစ်ခဲ့ပါပြီ။ အခုအချိန်ဟာ အင်္ဂလန်ကလပ်တွေအနေနဲ့ သူတို့ရဲ့ ကစားဟန်နဲ့ စီမံခန့်ခွဲမှုပုံစံတွေကို ပြန်လည်သုံးသပ်ရမယ့် အချိန်ပဲ ဖြစ်ပါတယ်။

အချုပ်အားဖြင့်ဆိုရရင် ပရီးမီးယားလိဂ်ဟာ ငွေကြေးအင်အား အတောင့်တင်းဆုံး ဖြစ်နေပေမဲ့၊ ငွေကြေးတစ်ခုတည်းကို ဦးတည်ပြီး ပြုပြင်ပြောင်းလဲမှုမရှိပဲ ယခုလိုနည်းဥပဒေသတွေနဲ့သာ ဆက်သွားနေရင် ချန်ပီယံလိဂ်မှာ ရေရှည်ပြန်ပြီးလွှမ်းမိုးနိုင်ဖို့ကတော့ ရွှေပြည်တော် မျှော်တိုင်းဝေးကာ ဥရောပညချမ်းတွေဟာ နောက်ရာသီတွေမှာလဲ ခါးသီးလွန်းနေဦးမှာပဲ ဖြစ်ပါတော့တယ်။

(Aကေဇင်)



09/03/2026

ကာရစ် အလွန် မေးခွန်းများ...

ပြီးခဲ့တဲ့ ဇန်နဝါရီလက ရူဘင် အမော်ရင် လမ်းခွဲသွားပြီးနောက် အိုးလ်ထရက်ဖို့ဒ်ရဲ့ ကွင်းဘေးစည်းမှာ မိုက်ကယ် ကာရစ် ရောက်လာတာဟာ ယူနိုက်တက်အတွက်တော့ တကယ့်ကို အလှည့်အပြောင်းတစ်ခု ဖြစ်ခဲ့တာ အမှန်ပါပဲ။ ကာရစ် တာဝန်ယူခဲ့တဲ့ (၈) ပွဲမှာ (၆) ပွဲအထိ အနိုင်ရအောင် စွမ်းဆောင်ပြနိုင်ခဲ့သလို၊ အသင်းကိုလည်း အဆင့် (၇) ကနေ အဆင့် (၃) အထိ ဒုံးကျည်နဲ့ ပစ်တင်လိုက်သလို ဆွဲတင်ပေးနိုင်ခဲ့တာက သူ့ရဲ့ အရည်အချင်းကို မျက်ဝါးထင်ထင် သက်သေပြလိုက်တာပါ။

အထူးသဖြင့် မန်စီးတီးနဲ့ အာဆင်နယ်လို အသင်းကြီးတွေကို အရိုးကွဲအောင် ရိုက်ပြခဲ့တာက ကာရစ်ကို အမြဲတမ်းနည်းပြ ခန့်သင့်ပြီဆိုတဲ့ တောင်းဆိုသံတွေ ဟုန်းဟုန်းတောက် စေခဲ့ပါတယ်။ ကစားသမားတွေဘက်က ကြည့်ရင်လည်း ဘရူနို ဖာနန်ဒက်စ် တို့လို စီနီယာတွေက ကာရစ် ပေးထားတဲ့ လွတ်လပ်ခွင့် ကို သဘောကျနေကြပြီး၊ တိုက်စစ်မှူး ဆက်စကို ဆိုရင်လည်း (၈) ပွဲမှာ (၇) ဂိုးအထိ ဂိုးမြူးနေတာကြောင့် အသင်းရဲ့ form ကတော့ မှန်သလောက်ရှိနေပြီလို့ ပြောလို့ရပါတယ်။ ဒါပေမယ့် INEOS အဖွဲ့အစည်းနဲ့ ဂျေဆန် ဝီလ်ကော့စ် တို့ကတော့ ကာရစ်ကို အမြဲတမ်းခန့်ဖို့ လက်တွန့်နေကြဆဲဖြစ်ပြီး ရာသီကုန်အထိ စိတ်ရှည်လက်ရှည်စောင့်ကြည့်ဖို့ ဆုံးဖြတ်ထားပုံရပါတယ်။

နည်းဗျူဟာပိုင်းမှာ ကာရစ်က ကွင်းလယ် ဘောလုံးဖြန့်ဝေပုံကို စနစ်တကျနဲ့ မျက်လှည့်ပြသလို ပြောင်းလဲနိုင်ခဲ့ပေမဲ့ ခံစစ်မှာကတော့ သူ့အတွက် ဖြည်းဖြည်းချင်း ဖြေရှင်းရမယ့် ပုစ္ဆာတစ်ပုဒ်ပါ။ တကယ်တော့ ကာရစ်ဟာ ယာယီနည်းပြတစ်ယောက်အတွက် ထိပ်တန်းအဆင့်မှာ ရှိနေတာ ငြင်းမရပါဘူး။ အသင်းကို အဆင့် (၇) ကနေ အဆင့် (၃) အထိ ဖောက်ထွက်ဆွဲတင်ပေးနိုင်ခဲ့တာက သူ့ရဲ့ စွမ်းဆောင်နိုင်စွမ်းကို ညွှန်ပြနေပါတယ်။

ဒါပေမယ့် နယူးကာဆယ်နဲ့ပွဲမှာ ရှုံးနိမ့်ခဲ့တာက ယူနိုက်တက်ဟာ အသားကျဖို့ လိုနေသေးတဲ့အပြင် ခံစစ်ပိုင်းက High Press လုပ်တဲ့နေရာမှာ ဟောင်းလောင်းကြီး ဖြစ်နေသေးတာကို သတိပေးလိုက်သလိုပါပဲ။ ဒီအချက်ကပဲ INEOS အဖွဲ့အစည်းကို ဂျူလီယန် နာဂယ်စမန်း ဒါမှမဟုတ် ရော်ဘတ်တို ဒီဇာဘီ တို့လို နည်းပြတွေဆီ မျက်စိကျစေတာလည်း ဖြစ်နိုင်ပါတယ်။ ကာရစ်ကို အမြဲတမ်းခန့်လိုက်ရင် လျော်ကြေးငွေပြဿနာတွေ ဘေးချိတ်လို့ရပြီး ငွေကြေးအရ တွက်ခြေကိုက်မယ်ဆိုပေမယ့်၊ ယူနိုက်တက်လို အသင်းကြီးတစ်သင်းအတွက် နာမည်ကြီး နည်းပြတစ်ယောက် မရှိမဖြစ် လိုအပ်သလားဆိုတာက စဉ်းစားစရာ မေးခွန်းတစ်ခု ဖြစ်နေပါတယ်။

တကယ်လို့ ကာရစ်ကိုသာ အမြဲတမ်းခန့်လိုက်ရင် ယူနိုက်တက်အနေနဲ့ ပြီးခဲ့တဲ့ ၁၃ နှစ်အတွင်း နည်းပြလျော်ကြေးတင် ပေါင် ၆၅ သန်းကျော် အကုန်အကျခံခဲ့ရတဲ့ သံသရာကနေ လွတ်မြောက်ပြီး ငွေကြေးအရလည်း တွက်ခြေကိုက်သွားမှာ ဖြစ်ပါတယ်။ ရှေ့ဆက်ရမယ့် အပြောင်းအရွှေ့တွေမှာလည်း ကာရစ်က ကတ်စီမီရိုရဲ့ နေရာမှာ အဲလီယော့ အန်ဒါဆန် နဲ့ ကားလို့စ် ဘလီဘာ တို့ကို အင်အားဖြည့်ဖို့ စိတ်ကူးရှိနေတာကြောင့် သူ့ရဲ့ စီမံကိန်းက အနာဂတ်ကို ဦးတည်နေတာ ထင်ရှားပါတယ်။ ကစားသမားတွေကလည်း သူ့ရဲ့ နွေးထွေးတဲ့ ဆက်ဆံရေးနဲ့ လေ့ကျင့်ရေးကွင်းက ထိရောက်တဲ့ သင်ကြားမှုတွေကို သဘောကျနေကြတာမို့ အသင်းရဲ့ စည်းလုံးမှုကတော့ အတိုင်းထက်အလွန်ပါပဲ။

ဒါပေမယ့် ကာရစ်ကတော့ သူ့ရဲ့ အနာဂတ်နဲ့ ပတ်သက်ရင် ဘာမှအရိပ်အယောင်မပြပဲ တည်တည်ငြိမ်ငြိမ်ပဲ နေနေပါတယ်။ ရာသီကုန်မှာ ချန်ပီယံလိဂ်ဝင်ခွင့်ကို တိုက်ယူပြီးမှပဲ ကာရစ်ဟာ အမြဲတမ်းနည်းပြအဖြစ် အရောင်တင်ခံရမလား၊ ဒါမှမဟုတ် နောက်ထပ် အပြောင်းအလဲတစ်ခုကို ထပ်မြင်ရမလားဆိုတာကတော့ စိတ်ရှည်လက်ရှည် စောင့်ကြည့်ရမယ့် ပုစ္ဆာတစ်ပုဒ်ပဲ ဖြစ်ပါတယ်။

တစ်ဖက်မှာလည်း လက်ရှိ အသင်းလက်မဲ့ဖြစ်နေတဲ့ ရော်ဘတ်တို ဒီဇာဘီ က ကာရစ်အတွက် အဓိက ပြိုင်ဘက် ဖြစ်နေပါတယ်။ ကာရစ်ဟာ ယူနိုက်တက်အတွက် အသင့်တော်ဆုံး နည်းပြလား၊ ဒါမှမဟုတ် ပိုပြီး ဝါရင့်တဲ့ နည်းပြတစ်ယောက်ကို ရှာရမလားဆိုတဲ့ ကာရစ် အလွန် မေးခွန်းတွေကတော့ ယူနိုက်တက်ပရိသတ်တွေ ဆက်ပြီး ငြင်းခုံရဦးမယ့် အကြောင်းအရာအဖြစ် ရှိလာမှာပါ။

ပြောရရင် ကာရစ်ရဲ့ တည်ငြိမ်မှုနဲ့ ကစားသမားတွေအပေါ် လွှမ်းမိုးနိုင်စွမ်းက အသင်းကို တည်ငြိမ်တဲ့ ရေပြင်ဆီ ခေါ်ဆောင်သွားနိုင်တယ်ဆိုတာ သံသယဖြစ်စရာ မလိုပါဘူး။ ဒါပေမယ့် ပရီးမီးယားလိဂ်ရဲ့ အမြင့်ဆုံး အဆင့်မှာ ရေရှည် ယှဉ်ပြိုင်နိုင်ဖို့အတွက် ကားရစ်အနေနဲ့ သူ့ရဲ့ နည်းဗျူဟာပိုင်းကို ဘယ်လောက်အထိ အရောင်တင် နိင်မလဲဆိုတာကပဲ အဖြေဖြစ်ပါလိမ့်မယ်။ လက်ရှိမှာ ငြိမ်းအေးနေတဲ့ ယူနိုက်တက်ရဲ့ ကာရစ်အလွန်ဆီကို တွေးကြည့်ရင် ဆူပွက်နေမယ့်မေးခွန်းတွေ ပြည့်လျှံနေဆဲပဲဖြစ်ပါကြောင်း .....

(Aကေဇင်)




21/02/2026

ငါမှားပါစေ..." ဒီတစ်ခါ အာဆင်နယ် မလွဲပါစေနဲ့ "

ပရီးမီးယားလိဂ်ရဲ့ ချန်ပီယံဖလားကို အာဆင်နယ်အသင်း လွမ်းမောနေခဲ့တာ ဆယ်စုနှစ် နှစ်ခုကျော်ခဲ့ပါပြီ။ အနှစ် ၂၀ ဆိုတဲ့ အချိန်ကာလဟာ ကလေးတစ်ယောက် လူလားမြောက်ဖို့တောင် လုံလောက်တဲ့ အချိန်ပါ။ ဒီနှစ်ရာသီမှာတော့ အာဆင်နယ်ပရိသတ်တွေဟာ ဒီတစ်ခါတော့ တကယ်ဖြစ်ပြီဆိုတဲ့ မျှော်လင့်ချက်ကို ရင်တထိတ်ထိတ်နဲ့ ဆုပ်ကိုင်ထားကြပုံရပါတယ်။ ကျွန်တော်ကိုယ်တိုင် အာဆင်နယ်ပရိသတ် မဟုတ်ပေမယ့် ဒီအသင်းကို တကယ်ပဲ အမှတ်ပေးချန်ပီယံ တဖန်ပြန်ဖြစ်စေချင်ခဲ့ပါတယ်။ စီးတီးကိုလဲ ရှုစိမ့်ပေမယ့် တစ်သင်းတည်း ကြီးစိုးတဲ့ခေတ်ကိုတော့ လီဗာပူးလ်ကဲ့သို့ ဖြိုခွဲရမည်မဟုတ်ပါလား။

ဒါပေမဲ့ မကြာသေးမီက ထွက်ပေါ်လာတဲ့ ရလဒ်တွေနဲ့ အသင်းရဲ့ ပုံစံကို ကြည့်ရင်တော့ အာဆင်နယ်ပရိသတ်တွေအတွက် စိတ်မသက်မသာ ဖြစ်စရာတွေ မြင်တွေ့လာရပါတယ်။ နောက်ဆုံးကစားခဲ့တဲ့ ခုနစ်ပွဲမှာ နှစ်ပွဲပဲ နိုင်ထားတဲ့ အချက်အလက်ကို ကြည့်လိုက်ရင်တော့ အဆိုးကြီးမဟုတ်နေပေမယ့် အခြေအနေတွေက ယိမ်းယိုင်စ ပြုနေသလို ခံစားလာရပါတယ်။ ဇယားထိပ်မှာ ငါးမှတ်ဖြတ်ထားတယ်ဆိုပေမဲ့ မန်စီးတီးက လက်ကျန်တစ်ပွဲ ပိုနေတာကြောင့် ဒီအကွာအဝေးဟာ စိတ်ချရတဲ့ Safe Zone တစ်ခု မဟုတ်တော့ပါဘူး။

နည်းပြ မီခေးလ် အာတီတာရဲ့ "သရေကျချိန်နဲ့ ရှုံးချိန်မှာလည်း ချစ်ပေးကြပါ" ဆိုတဲ့ တောင်းဆိုမှုဟာ ခေါင်းဆောင်တစ်ယောက်အနေနဲ့ အသင်းကို ကာကွယ်ပေးတာ ဖြစ်နိုင်သလို၊ တစ်ဖက်မှာလည်း အသင်းအတွင်း ရင်ဆိုင်နေရတဲ့ ကြီးမားတဲ့ ဖိအားလှိုင်းတွေကို မထိန်းနိုင်တော့တဲ့ အခြေအနေကို ဝန်ခံလိုက်တာမျိုးလည်း ဖြစ်နေပါတယ်။ ခေတ်အဆက်ဆက် ချန်ပီယံဖြစ်ခဲ့တဲ့ အသင်းတွေဟာ အနိုင်ရနေချိန်မှာ ပရိသတ်အချစ်ကို ခံယူရုံတင်မကပဲ၊ အခက်အခဲကြုံချိန်မှာလည်း အဲဒီဝေဖန်မှုတွေကို တုန့်ပြန်နိုင်တဲ့ စိတ်ဓာတ်ကြံ့ခိုင်မှု (Mental Toughness) ရှိတတ်ကြပါတယ်။ အမှတ်တွေ ဆက်တိုက် လျော့လာတဲ့အခါမှာတော့ အာတီတာကိုယ်တိုင် ဖိအားဒဏ်ကို တော်တော်လေး အထိနာနေပြီဆိုတာ သိသာပါတယ်။ အခုတော့ အာတီတာရဲ့ စကားလုံးတွေထဲမှာ စိုးရိမ်စိတ်တွေ ကိန်းအောင်းနေပြီး ဒါဟာ ကစားသမားတွေဆီကိုပါ ကူးစက်သွားမှာကို အထူးသတိထားရမှာပါ။ အထူးသဖြင့် ဝုလ်ဗ်နဲ့ပွဲအပြီးမှာ ဂါဘရီရယ် ဂျေးဆုက ပြိုင်ဘက်ကစားသမားကို တွန်းထုတ်ခဲ့တဲ့ လုပ်ရပ်ဟာ အာဆင်နယ်သားတွေရဲ့ စိတ်ထဲမှာ Panic စိမ့်ဝင်နေပြီဆိုတာကို ကွင်းပေါ်မှာ သက်သေပြလိုက်သလိုပါပဲ။ ပရော်ဖက်ရှင်နယ် ကစားသမားတစ်ယောက်ဟာ ဖိအားကို မထိန်းနိုင်တော့တဲ့အခါ ခန္ဓာကိုယ် body language က အရင်ဆုံး သစ္စာဖောက်တတ်တာ ဖြစ်ပါတယ်။

Sky Sports ရဲ့ ကိန်းဂဏန်းတွေကလည်း တကယ့်ကို ခေါင်းခဲစရာပါပဲ။ အနိုင်ရနေတဲ့ အနေအထားကနေ ရမှတ်တွေ လက်လွှတ်ဆုံးရှုံးမှုမှာ အာဆင်နယ်ဟာ ထိပ်ဆုံးက အသင်းတွေထဲမှာ ပါဝင်နေပါတယ်။ ဒါဟာ နည်းစနစ်ပိုင်းဆိုင်ရာ ချို့ယွင်းချက်ထက် ပွဲကို အဆုံးသတ်နိုင်စွမ်း (Clinical Mindset) မရှိတော့တာကို ပြနေတာပါ။ တိုက်စစ်မှူးတွေဖြစ်တဲ့ ဆာကာ၊ မာတင်နယ်လီနဲ့ ယောကရက်စ်တို့ဟာ ၁၀ ပွဲကျော်တိုင်တိုင် ဂိုးပေါက်ပျောက်ဆုံးနေတာဟာ ကာယပိုင်းထက် စိတ်ပိုင်းဆိုင်ရာ ကြောင့် ဖြစ်ဖို့ ပိုများပါတယ်။ ပက်ထရစ် ဗီအဲရာ ပြောသလိုပဲ အာဆင်နယ်ဟာ ဒီနှစ်မှာ အဆင့်တစ်ခုကို တက်လှမ်းနိုင်မယ့် စိတ်ဓာတ်ကြံ့ခိုင်မှု တကယ်ရှိရဲ့လားဆိုတာ မေးခွန်းထုတ်စရာတွေ အမြောက်အမြား ဖြစ်လာသလို အသင်းမှာ ဖိအားကို ရင်ဆိုင်နိုင်တဲ့ mental strength အားနည်းနေသေးတာဟာ ငြင်းမရတဲ့ အချက်ဖြစ်နေပါတယ်။ နောက်ပြီး အာဆင်နယ်ဟာ နှစ် ၂၀ ဖလားလက်မဲ့ ဖြစ်နေတဲ့ သမိုင်းဝင် ဖိအားဒဏ်ကို ဒီနှစ်မှာ ပိုမိုခံစားနေရပုံ ရပါတယ်။

တကယ်တော့ အာဆင်နယ်အတွက် အကြီးမားဆုံး အဟန့်အတားက မန်စီးတီး မဟုတ်ပါဘူး။ မိမိကိုယ်တိုင်ရဲ့ ကြောက်စိတ်သာ ဖြစ်ပြီး ရာသီကုန်ခါနီးရင် ခြေချော်တတ်တဲ့ ကျိန်စာဆိုတဲ့ အရာကြီးကို စိုးရိမ်နေတာပဲ ဖြစ်ပါတယ်။ မန်စီးတီးဟာ ဒီနှစ်မှာ သူတို့ရဲ့ အကောင်းဆုံးပုံစံ မဟုတ်နေရင်တောင်မှ အတွေ့အကြုံအရ ဖိအားကို ဘယ်လို ကိုင်တွယ်ရမလဲဆိုတာ ကောင်းကောင်းသိပါတယ်။ အာဆင်နယ်ကတော့ အမှတ်ပေးဇယား ထိပ်ဆုံးမှာ ရှိနေခြင်းဟာ အားသာချက် ဖြစ်သလို၊ အမှားမခံတော့ဘူးဆိုတဲ့ အသိကပဲ ကစားသမားတွေကို ခြေလှမ်းတုံ့စေပါတယ်။ အကယ်၍ အာဆင်နယ်ဟာ ဒီကြောက်စိတ် နဲ့ စိုးရိမ်စိတ်ကို မထိန်းချုပ်နိုင်ဘူးဆိုရင် မန်စီးတီးက အရမ်းမကောင်းနေရင်တောင်မှ အာဆင်နယ်ကပဲ ချန်ပီယံဆုကို ဗန်းနဲ့တင် ဆက်သလိုက်ရတဲ့ scenario မျိုး ဖြစ်သွားနိုင်ပါတယ်။

ရှေ့မှာ စောင့်ကြိုနေတဲ့ မြောက်လန်ဒန်ဒါဘီ၊ Carabao Cup ဗိုလ်လုပွဲနဲ့ ဧပြီလထဲက မန်စီးတီးနဲ့ တိုက်ရိုက်ရင်ဆိုင်ရမယ့် ပွဲစဉ်တွေဟာ အာဆင်နယ်အတွက် ခရီးစဉ်ရဲ့ အရေးကြီးတဲ့ပွဲတွေပါပဲ။ ဒီလိုပွဲတွေမှာ ကစားသမားတွေရဲ့ စိတ်ထဲက စိုးရိမ်စိတ်တွေကို ဖယ်ထုတ်ပေးနိုင်ဖို့ လိုပါတယ်။ အာတီတာက ကစားသမားတွေကို ယုံကြည်မှု ပြန်လည် တည်ဆောက်ပေးနိုင်မလား၊ ဒါမှမဟုတ် ဖိအားအောက်မှာပဲ ပြိုလဲသွားမလားဆိုတာက အဓိက သော့ချက်ပါပဲ။ နည်းစနစ်ဆိုတာဘယ်လောက်ကောင်းကောင်း အားသာချက်ဖြစ်ပေမယ့် တကယ့်တိုက်ပွဲက ကစားသမားတွေရဲ့ ဦးနှောက်ထဲမှာ ဖြစ်နေတာပါ။ တကယ့်အောင်မြင်မှုဆိုတာ ကွင်းအတွင်းက နည်းစနစ်ထက်စိတ်ဓာတ်ခိုင်မာမှုကနေ လာတာပါ။ အာဆင်နယ်အနေနဲ့ ဒီတစ်ခါတော့ အမှားမခံတော့ပါဘူး။

ပြောရရင် အာတီတာနဲ့ အာဆင်နယ်ဟာ မိမိတို့ကိုယ်တိုင်ရဲ့ ကြောက်စိတ်ကို ကျော်၍ သူတို့ရဲ့ အိပ်မက်ဆိုးဖြစ်တဲ့ စီးတီးအရိပ်ပြာကြီးကို ဖြတ်နိုင်မှသာ ချန်ပီယံပလ္လင်ကို တက်လှမ်းနိုင်မှာ ဖြစ်ပါတယ်။ အကယ်၍သာ ဒီကြောက်စိတ်တွေကို မကျော်လွှားနိုင်ပဲ ဖိအားအောက်မှာ ဆက်ပြီး ယိမ်းယိုင်နေမယ်ဆိုရင်တော့ "ငါတို့ ခန့်မှန်းချက်တွေ မှားပါစေ" လို့ ဘယ်လောက်ပဲ ဆုတောင်းနေပါစေ... ဒီတစ်ခါလည်း ထပ်ပြီး လွဲချော်ရဦးမည်ပင် ဖြစ်ကြောင်း တင်ပြလိုက်ရပါတယ်။

(Aကေဇင်)



04/02/2026

မိုက်ကယ်ကာရစ်ရဲ့ ယာယီနည်းပြဘဝ ရက်သတ္တပတ်တွေဟာ စိတ်လှုပ်ရှားစရာ ရုပ်ရှင်တစ်ကားလိုပါပဲ။ မန်ချက်စတာဒါဘီမှာ အနိုင်ရခဲ့တာ၊ အာဆင်နယ်လို အသင်းကို အိမ်ကွင်းမှာ ဒူးထောက်စေခဲ့တာတွေက ယူနိုက်တက်ပရိသတ်တွေအတွက် အိပ်မက်တစ်ခုလို ဖြစ်ခဲ့ပေမယ့် ဝေဖန်ရေးဆရာတွေကတော့ စောင့်ကြည့်နေဆဲပါ။ အသင်းကြီးတွေနဲ့ပွဲမှာ တန်ပြန်တိုက်စစ်ကစားလို့ နိုင်တာက တကယ့်အရည်အချင်း မဟုတ်သေးဘူး၊ ဖူလ်ဟမ်လိုအသင်းမျိုးနဲ့ပွဲမှ ကာရစ်ရဲ့ စာမေးပွဲအစစ်က စမှာ လို့ လူပြောများခဲ့ကြပါတယ်။

ကာရစ်၏ ယူနိုက်တက်စာမေးပွဲ အောင်ပြီလား
***********************************

ပြီးခဲ့တဲ့ တနင်္ဂနွေနေ့က ဖူလ်ဟမ်နဲ့ပွဲဟာ ကာရစ်အတွက်တော့ အမှတ်ပေးဇယားထက် ပိုအရေးကြီးတဲ့ အရည်အချင်းစစ် စာမေးပွဲ တစ်ခုပါ။ ပွဲချိန်ပြည့် ဝီစီသံထွက်ပေါ်လာချိန်မှာတော့ အဖြေက ဂုဏ်ထူးနဲ့မဟုတ်ရင်တောင် အောင်မှတ်နဲ့တော့ အောင်သွားပြီလို့ ဆိုရမှာဖြစ်ပါတယ်။ ၂၀၂၅-၂၆ ရာသီရဲ့ ဒီရင်ခုန်စရာပွဲစဉ်မှာ ယူနိုက်တက်ဟာ အရှိန်အဟုန်ပြင်းပြင်းနဲ့ တက်လိုက်၊ ယိုင်နဲ့သွားလိုက်၊ နောက်ဆုံးမှာ အဖိုးတန် ၃ မှတ်ကို အရယူနိုင်ခဲ့ပါတယ်။

ကာရစ်ရဲ့ နည်းဗျူဟာအသစ်မှာ အားရစရာအကောင်းဆုံးက ကွင်းလယ်သုံးဦးတွဲ ဖြစ်ပါတယ်။ ကတ်စီမီရို၊ ဘရူနို ဖာနန်ဒက်စ်နဲ့ ကိုဘီ မိန်းနူးတို့ရဲ့ ပေါင်းစပ်မှုဟာ ကာရစ်လက်ထက်မှာ ပိုပြီး Balance ဖြစ်လာတာကို တွေ့ရပါတယ်။ အထူးသဖြင့် ကတ်စီမီရိုနဲ့ ဘရူနိုတို့ရဲ့ နားလည်မှုဟာ အံ့မခန်းပါပဲ။ ပထမဂိုးမှာ ဘရူနိုရဲ့ ပေးပို့မှုကို ကတ်စီမီရိုက ခေါင်းတိုက်သွင်းယူခဲ့သလို၊ ဒုတိယဂိုးမှာလည်း ကတ်စီမီရိုရဲ့ No-look pass ကနေတစ်ဆင့် ကူညာက ဂိုးသွင်းနိုင်ခဲ့တာပါ။ တိုက်စစ်ပိုင်းမှာလည်း အမ်ဘျူမိုကို အထောင်ထားပြီး ကစားတာက ယူနိုက်တက်ရဲ့ တိုက်စစ်ကို ပိုပြီး ပြောင်းလွယ်ပြင်လွယ် ဖြစ်စေခဲ့ပါတယ်။

ဒါပေမဲ့ ဒီစာမေးပွဲမှာ ဖြေဆိုဖို့ ခက်ခဲခဲ့တဲ့ ပုစ္ဆာကတော့ ခံစစ်ပိုင်းပါပဲ။ ကာရစ်ရဲ့ ယူနိုက်တက်ဟာ ကိုယ့်ဘက်ခြမ်းမှာပဲ ကျစ်ကျစ်လျစ်လျစ် ပိတ်ဆို့ကစားတဲ့ Compact Shape ကို ပိုနှစ်သက်လာတာကြောင့် ဖူလ်ဟမ်ကို ကွင်းလယ်အထိ လွတ်လပ်ခွင့် ပေးထားသလို ဖြစ်ခဲ့ပါတယ်။ ကတ်စီမီရိုကို အူဂါတေးနဲ့ လူစားလဲလိုက်တဲ့ ၇၄ မိနစ်နောက်ပိုင်းမှာ ယူနိုက်တက်ဟာ ပွဲကို ထိန်းချုပ်မယ့်အစား ခံစစ်ထဲမှာပဲ ပြာပြာသလဲ ဖြစ်သွားခဲ့တာကတော့ ပြင်ဆင်စရာ အားနည်းချက်တစ်ခုပါ။ မိနစ်ပိုင်းအတွင်း ၂ ဂိုးပြန်ပေးလိုက်ရပြီး ၂-၂ ဖြစ်သွားချိန်မှာ ကာရစ် စာမေးပွဲ ကျပြီလားလို့ အားလုံးက ထင်မှတ်ခဲ့ကြပါတယ်။

ဒါပေမဲ့ ကံကြမ္မာက ကာရစ်ဘက်မှာ ရှိနေဆဲပါ။ ၉၄ မိနစ်မှာ လူစားဝင်ကစားသမား ဆက်စကိုက အနုပညာဆန်ဆန် လှည့်ပတ်ကန်သွင်းပြီး အနိုင်ဂိုး သွင်းပေးလိုက်ချိန်မှာတော့ အိုးလ်ထရက်ဖို့ဒ်ကွင်းကြီး တစ်ခုလုံး ပေါက်ကွဲထွက်သွားခဲ့ပါတယ်။

ဒီနိုင်ပွဲဟာ ကာရစ်အတွက် ယာယီနည်းပြဘဝ ၃ ပတ်အတွင်းမှာ ၃ ပွဲဆက် အောင်မြင်မှုရရှိခဲ့တာ ဖြစ်သလို၊ အသင်းရဲ့ အကောင်းဆုံး အခြေအနေနဲ့ လိုအပ်ချက်တွေကိုပါ တစ်ပြိုင်နက်တည်း မြင်တွေ့ခဲ့ရတဲ့ ပွဲလည်း ဖြစ်ပါတယ်။

နိဂုံးချုပ်ရရင် ဖူလ်ဟမ်နဲ့ပွဲဟာ ကာရစ်အတွက် ရင်တထိတ်ထိတ်နဲ့ ဖြေဆိုခဲ့ရတဲ့ စာမေးပွဲတစ်ခုပါ။ ပြီးပြည့်စုံတဲ့ ခြေစွမ်းမျိုး မဟုတ်သေးပေမယ့် အရေးကြီးတဲ့ အချိန်မှာ ရလဒ်ကောင်းအောင် ဖော်ဆောင်နိုင်ခဲ့တာက သူ့ရဲ့ နည်းပြအရည်အချင်းကို သက်သေပြနေပါတယ်။

ယာယီနည်းပြဘဝကနေ အမြဲတမ်းနည်းပြ ဖြစ်လာမလားဆိုတာကတော့ စောင့်ကြည့်ရဦးမှာ ဖြစ်ပေမယ့်၊ အခုလောလောဆယ်မှာတော့ ကာရစ်ဟာ ယူနိုက်တက်ရဲ့ စာမေးပွဲကို အောင်မှတ်နဲ့ ဖြတ်ကျော်သွားနိုင်ခဲ့ပြီလို့ ဆိုရမှာပဲ ဖြစ်ပါတယ်။

(Aကေဇင်)



30/01/2026

အာတီတာရဲ့ Safety First ဗျူဟာက အာဆင်နယ်အတွက် တကယ်ပဲ ဘေးကင်းရဲ့လား?

အခု ၂၀၂၅-၂၆ ရာသီမှာ အာဆင်နယ်ရဲ့ ကစားပုံကို ကြည့်ရတာ အရင်ကထက် အများကြီး ပိုပြီး လေးနက်လာသလို၊ တစ်ဖက်မှာလည်း ပိုပြီး တင်းကျပ်လာတာကို တွေ့ရပါတယ်။ လွန်ခဲ့တဲ့ နှစ်ရာသီတုန်းက ကျွန်တော်တို့ မြင်ခဲ့ရတဲ့ ဖျတ်လတ်တက်ကြွပြီး ဂိုးမိုးရွာတတ်တဲ့ အာဆင်နယ်စတိုင်လ်ကနေ အခုဆိုရင် အမှားနည်းအောင်၊ ရလဒ်သေချာအောင်ကိုပဲ ရှေ့တန်းတင်တဲ့ Games of Attrition တွေဆီကို ဦးတည်လာပါတယ်။

အာတီတာဟာ ပရီးမီးယားလိဂ်ဖလားကို ရယူနိုင်ဖို့အတွက် အမှားအယွင်းမခံတဲ့ အနုစိတ်ဗျူဟာကို ခင်းကျင်းနေတာ မှန်ပေမဲ့၊ ဒီလို အလွန်အမင်း ဘေးကင်းအောင် ကစားဖို့ ကြိုးစားနေတာကပဲ အသင်းအတွက် တကယ့်အန္တရာယ် ဖြစ်လာနေသလားဆိုတာ မေးခွန်းထုတ်စရာ ဖြစ်လာပါတယ်။

အချက်အလက်တွေကို ပြန်ကြည့်ရင် အာဆင်နယ်ဟာ အရင်ရာသီတွေတုန်းက တစ်ရာသီကို ဂိုး ၉၀ ဝန်းကျင်အထိ သွင်းယူပြီး မန်စီးတီးကို အကြိတ်အနယ် ယှဉ်ပြိုင်ခဲ့တာပါ။ ဒါပေမဲ့ အခုတော့ တစ်ပွဲကို ပျမ်းမျှသွင်းဂိုး ၂ ဂိုးတောင် မပြည့်တော့ဘဲ တစ်ရာသီလုံးမှ ၇၀ ဂိုး ဝန်းကျင်လောက်ပဲ ရမယ့် လမ်းကြောင်းပေါ် ရောက်နေပါတယ်။ ပုံမှန်အားဖြင့် ပရီးမီးယားလိဂ်ချန်ပီယံ ဖြစ်လာမယ့် အသင်းတွေဟာ တစ်ရာသီကို ဂိုး ၉၀ ဝန်းကျင်လောက်အထိ သွင်းလေ့ရှိတာမို့ အာဆင်နယ်ရဲ့ လက်ရှိသွင်းဂိုးနှုန်းက တော်တော်လေးကို နည်းပါးနေတာပါ။

အဆိုးဆုံးကတော့ အသင်းရဲ့ သွင်းဂိုးအများစုဟာ Open Play လို့ခေါ်တဲ့ ကစားကွက်ထဲကနေ ရတာမဟုတ်ဘဲ Set-pieces တွေအပေါ်မှာပဲ အလုံးစုံ မှီခိုနေရတာပါပဲ။ ဒါဟာ ထိပ်သီးအသင်းတစ်သင်းအတွက် ရေရှည်မှာ စိုးရိမ်စရာ အနေအထား ဖြစ်ပါတယ်။

မန်ချက်စတာယူနိုက်တက်နဲ့ပွဲမှာဆိုရင် အာတီတာရဲ့ ဒီ အန္တရာယ်ရှောင်ကွင်းတဲ့ စိတ်ဓာတ်က အထင်းသား ပေါ်လွင်ခဲ့ပါတယ်။ ပွဲစစချင်း မိနစ် ၃၀ လောက်အထိ အာဆင်နယ်ဟာ ကွင်းလုံးကျွတ်နီးပါး လွှမ်းမိုးထားနိုင်ခဲ့ပေမဲ့ ဂိုးရပြီးသွားတဲ့ အခိုက်အတန့်မှာ အသင်းက ရုတ်တရက် ဘရိတ်အုပ်လိုက်သလိုမျိုး နောက်ဆုတ်သွားပါတယ်။ ပြိုင်ဘက်ရဲ့ တန်ပြန်တိုက်စစ်ကို ကြောက်တာကြောင့် ကိုယ့်ရဲ့ အားသာချက်ဖြစ်တဲ့ တိုက်စစ်အရှိန်ကို ကိုယ်တိုင် ပြန်သတ်လိုက်တာပါ။

ဒီလိုမျိုး ကစားကွက်ကို ထိန်းချုပ်ဖို့ ကြိုးစားရင်းနဲ့ပဲ ပြိုင်ဘက်ကို ကစားကွက်ထဲ ပြန်ဝင်လာဖို့ လမ်းဖွင့်ပေးလိုက်သလို ဖြစ်သွားပါတယ်။ အိုဒီဂတ်နဲ့ ဆာကာတို့လို ကစားသမားတွေဟာ လွတ်လွတ်လပ်လပ် ဖန်တီးခွင့်ရမှ ခြေစွမ်းပြနိုင်တာဖြစ်ပေမဲ့ အခုစနစ်မှာတော့ သူတို့ဟာ စည်းကမ်းချက်တွေကြားမှာ ပိတ်မိနေသလို ခံစားရပါတယ်။

နောက်ထပ် စိတ်ပျက်စရာကောင်းတဲ့ အချက်ကတော့ အချိန်ဆွဲတဲ့ ကိစ္စပါပဲ။ အာဆင်နယ်ဟာ Set-pieces တွေကို အသုံးချပြီး ဂိုးရအောင် ယူတတ်တာ နာမည်ကြီးပေမယ့် အခုနောက်ပိုင်းမှာတော့ အဲဒီအတွက် အချိန်ယူလွန်းတာက ပြဿနာ ဖြစ်လာပါတယ်။ ယူနိုက်တက်နဲ့ပွဲမှာ ဂိုးပြန်သွင်းဖို့ လိုနေတဲ့အချိန်မှာတောင် ထောင့်ကန်ဘော တစ်လုံးကန်ဖို့ စက္ကန့် ၄၀ ကျော်ကနေ ၆၀ အထိ အချိန်ဖြုန်းနေတာဟာ ကစားသမားတွေရဲ့ စိတ်ထဲမှာ ဘယ်လောက်တောင် အမှားလုပ်မှာ ကြောက်နေသလဲဆိုတာကို ပြနေပါတယ်။ ဒီလို အချိန်တွေအများကြီး ဖြုန်းတီးပစ်တာက အသင်းရဲ့ တိုက်စစ် Tempo ကို ပျက်ပြားစေသလို၊ ပရိသတ်တွေကြားမှာလည်း ယုံကြည်မှု ထက် စိုးရိမ်စိတ်ကိုပဲ ပိုပြီး ဖြစ်ပေါ်စေပါတယ်။

အချုပ်ပြောရရင်တော့ အာတီတာဟာ အမှားနည်းနိုင်သမျှနည်းအောင် Safety First လမ်းကြောင်းကို ရွေးချယ်ထားတာပါ။ ဒါပေမဲ့ ဘောလုံးပွဲဆိုတာ နိုင်ငံရေး မဟုတ်ပါဘူး။ အန္တရာယ်ကို ရှောင်နေရုံနဲ့တင် မလုံလောက်ဘဲ တစ်ခါတလေမှာ စွန့်စားမှု (Risk) ယူမှသာ အောင်ပွဲကြီးတွေကို ရယူနိုင်မှာပါ။

အာဆင်နယ်ဟာ အခုအချိန်မှာ ချန်ပီယံဆုနဲ့ အလွန်နီးစပ်နေပြီ ဖြစ်ပေမယ့် အဲဒီဆုဖလားကို ယုံယုံကြည်ကြည်နဲ့ ဆုပ်ကိုင်နိုင်ဖို့ဆိုရင်တော့ သူတို့ရဲ့ လက်ရှိ တင်းကျပ်လွန်းတဲ့ ကစားကွက်ကို ဖြေလျှော့ပြီး ပိုမိုလှပတဲ့၊ ပိုမိုရဲရင့်တဲ့ တိုက်စစ်စတိုင်ကို ပြန်လည်အသက်သွင်းဖို့ လိုအပ်နေပါပြီ။

ဘေးကင်းအောင် ကစားရင်းနဲ့တင် အချိန်တွေ နှေးကွေးနေမယ်ဆိုရင်တော့ ပန်းတိုင်မရောက်ခင်မှာ ပြိုင်ဘက်တွေက ကျော်တက်သွားနိုင်တာကို အာတီတာအနေနဲ့ "လေးလေးနက်နက်" သတိပြုသင့်နေပြီ ဖြစ်ပါကြောင်း ဆိုရင်း သူ့ရဲ့ Safety First အစီအစဉ်က တကယ်ရော ဘေးကင်းရဲ့လားဆိုတာ ပြန်စဉ်းစားဖို့ လိုနေပြီပဲ ဖြစ်ပါတယ်။

(Aကေဇင်)




30/01/2026

မော်ရင်ဟို ပြောသော ကိန်းဂဏန်းများ.....

ဘောလုံးလောကဟာ တစ်ချိန်က အနိုင်ရသူကသာ အမှန်တရား ဆိုတဲ့ ရိုးရှင်းတဲ့ မူဝါဒနဲ့ လည်ပတ်ခဲ့ပါတယ်။ ဒါပေမယ့် ဂျိုဆေး မော်ရင်ဟို မကြာသေးခင်က ထောက်ပြလိုက်တဲ့ အချက်ကတော့ ခေတ်သစ်ဘောလုံးလောကရဲ့ မျက်နှာဖုံးကို ခွာချလိုက်သလိုပါပဲ။ မောင်ရင်ဟို‌ပြောတဲ့ အနိုင်ရလဒ်ထက် Data (ကိန်းဂဏန်း) တွေက ပိုအရေးကြီးလာသလား ဆိုတဲ့ မေးခွန်းက အခုတော့ တွေးစရာ အချက်အလက်များစွာ ဖြစ်လာပါတယ်။

မော်ရင်ဟိုက အခုခေတ်မှာ ဘယ်သူက အတော်ဆုံးလဲ ဆိုတဲ့ သတ်မှတ်ချက်ဟာ ဖလားရရှိမှုအပေါ်မှာ မမူတည်တော့ဘဲ လူမှုကွန်ရက်နဲ့ မီဒီယာတွေမှာ ဖန်တီးထားတဲ့ Perception (ပုံရိပ်) အပေါ်မှာပဲ မူတည်နေတယ်လို့ ဆိုပါတယ်။ လှပတဲ့ ကစားကွက်၊ ဆွဲဆောင်မှုရှိတဲ့ စကားလုံးတွေနဲ့ ငါ့မူဝါဒနဲ့ ငါအသေခံမယ် ဆိုတဲ့ နည်းပြတွေဟာ အရှုံးသမားဖြစ်နေရင်တောင်မှ လူချစ်လူခင်များတဲ့ သူရဲကောင်းတွေ ဖြစ်နေတတ်ပါတယ်။ ဒါကို မော်ရင်ဟိုကတော့ လူမိုက်လို့ သတ်မှတ်ခဲ့ပါတယ်။

ငါ့ရဲ့ ကစားကွက်အတိုင်း ငါအရှုံးခံတယ် ဆိုတဲ့ စကားဟာ ကြားရတာ သူရဲကောင်းဆန်သလိုလို ရှိပေမယ့် တကယ်တော့ ဒါဟာ တာဝန်မဲ့မှုပါပဲ။ "အလုပ်မဖြစ်တဲ့ အယူအဆအမှားတစ်ခုကို ကိုင်စွဲပြီး ကျရှုံးတာဟာ ဂုဏ်ယူစရာမဟုတ်ဘူး၊ အဲဒါ လူမိုက်လုပ်တာပဲ" လို့ သူက ဆိုပါတယ်။ ခေတ်သစ်နည်းပြတွေဟာ အနိုင်ရဖို့ထက် သူတို့ရဲ့ Idea ကို ရောင်းစားဖို့ပဲ အာရုံစိုက်နေကြပြီး လက်တွေ့ကျတဲ့ အောင်မြင်မှုကိုတော့ ကျောခိုင်းထားကြပါတယ်။

အခုခေတ် ပရီးမီးယားလိဂ်မှာ နာမည်မရှိတဲ့ နည်းပြတွေ နေရာရလာတာဟာ အောင်မြင်မှုမှတ်တမ်းတွေကြောင့်မဟုတ်ပဲ ကွန်ပျူတာရှေ့က ထွက်လာတဲ့ Data တွေကြောင့် ဖြစ်နေပါတယ်။ Expected Goals (xG)၊ Pass completion rates နဲ့ တခြားသော စာရင်းဇယားတွေဟာ ကွင်းထဲက လက်တွေ့ အနိုင်ရလဒ်ထက် ပိုပြီး ဆုံးဖြတ်ချက်တွေကို လွှမ်းမိုးလာပါတယ်။

၂၀၀၄ ခုနှစ်က မော်ရင်ဟိုဟာ ဥရောပကို ဒူးထောက်စေခဲ့တဲ့ ချန်ပီယံ အဖြစ်နဲ့ အင်္ဂလန်ကို ရောက်လာခဲ့တာပါ။ ၂၀၀၅ ခုနှစ်မှာ နောက်ထပ်တစ်ယောက်ဖြစ်တဲ့ ဘင်နီတက်ဇ်လဲ အလားတူပုံစံ ဗလင်စီယာနဲ့ အရာရာသိမ်းပိုက်ပြပြီးမှ ရောက်ရှိခဲ့တာပါပဲ။ အခုခေတ်မှာတော့ ဆုဖလားမဆိုထားနဲ့၊ အောင်မြင်မှု မှတ်တမ်းအနည်းငယ်မျှပင် မရှိတဲ့ နည်းပြတွေဟာ Laptop ထဲက Data တွေကြောင့် ပရီးမီးယားလိဂ်မှာ နေရာရနေကြပါတယ်။

အလားတူပါပဲ ကစားသမားတစ်ယောက်ရဲ့ ခြေစွမ်းကို ကွင်းထဲမှာကြည့်ပြီး ဆုံးဖြတ်မယ့်အစား ကွန်ပျူတာ screen ပေါ်က xG (မျှော်မှန်းဂိုး) တွေ၊ Heat Maps တွေနဲ့ပဲ အဆုံးအဖြတ် ပေးနေကြပါတယ်။ ဘောလုံးလောကဟာ လူသားဆန်တဲ့ ခံစားချက်တွေထက် စက်ရုပ်ဆန်တဲ့ ကိန်းဂဏန်းတွေရဲ့ လက်အောက်ကို ရောက်သွားခဲ့ပြီလားဆိုတာလဲ တကယ်ကိုတွေးစရာဖြစ်နေပါပြီ။

ကိန်းဂဏန်းတွေက စွမ်းဆောင်ရည်ကို တိုင်းတာရာမှာ အထောက်အကူပြုတာ မှန်ပေမယ့် မော်ရင်ဟိုရဲ့ အမြင်မှာတော့ အဲဒီဂဏန်းတွေဟာ နိုင်ပွဲ နဲ့ ဆုဖလားအောင်မြင်မှု ဆိုတဲ့ တကယ့်ပန်းတိုင်ကို ဖုံးကွယ်သွားစေသလို ဖြစ်နေပါတယ်။

အခုခေတ်မှာ မီဒီယာတွေနဲ့ ဆိုရှယ်မီဒီယာတွေမှာ ဖန်တီးပေးထားတဲ့ ပုံရိပ်တွေကြောင့် နည်းပြတစ်ယောက်ဟာ ဘာဖလားမှ မရရင်တောင်မှ Tactical Genius (နည်းဗျူဟာ ပါရမီရှင်) ဆိုတဲ့ ဘွဲ့ထူးကို အလွယ်တကူ ရနေပါတယ်။ မော်ရင်ဟိုကတော့ ဒါကို အနှစ်သာရမပါတဲ့ အရောင်းအဝယ်လို့ မြင်ပါတယ်။

အနိုင်ရဖို့ထက် ဘယ်လိုပုံစံနဲ့ ကစားသလဲဆိုတာက ပိုအရေးကြီးတယ် ဆိုတဲ့ အတွေးအခေါ်ဟာ ခေတ်သစ်ဘောလုံးမှာ အရောင်းရဆုံး အိုင်ဒီယာတစ်ခု ဖြစ်လာပါတယ်။ မော်ရင်ဟိုရဲ့ စကားတွေဟာ ခေတ်နောက်ကျနေတာလား၊ ဒါမှမဟုတ် လူတွေမမြင်ရတဲ့ အမှန်တရားကို ပြောပြပေးနေတာလားဆိုတာ စဉ်းစားစရာပါ။

အောင်မြင်မှုဆိုတာ ကိန်းဂဏန်းတွေကြားထဲမှာ ရှိတာလား၊ ဒါမှမဟုတ် ကွင်းလယ်ဒိုင်လူကြီး ခရာမှုတ်လိုက်တဲ့အချိန်မှာ ထွက်ပေါ်လာတဲ့ ရလဒ်ပေါ်မှာ ရှိတာလား။ သေချာတာကတော့ ဘောလုံးလောကမှာ ဘယ်သူက ဘယ်လောက် Pass ပေးနိုင်ခဲ့သလဲ ဆိုတာက မှတ်တမ်း‌လောက်သာ ရှိနေမှာဖြစ်ပြီး ဘယ်သူက ဆုဖလားကို ကိုင်မြှောက်နိုင်ခဲ့သလဲ ဆိုတာကပဲ သမိုင်းဝင်သွားမှာ ဖြစ်ပါတယ်။

နည်းပြတစ်ယောက်ရဲ့ တန်ဖိုးဟာ သူတို့ရဲ့ Data အပေါ်မှာပဲ ရှိသင့်သလား၊ ဒါမှမဟုတ် သူတို့ ရယူပေးခဲ့တဲ့ ဆုဖလားတွေပေါ်မှာပဲ ရှိသင့်သလား ဆိုတာကတော့ ဘောလုံးပရိသတ်တွေ ကိုယ်တိုင် ဆုံးဖြတ်ရမယ့် တွေးစရာပဲ ဖြစ်ပါတော့တယ်။

(Aကေဇင်)



ต้องการให้ธุรกิจของคุณ ธุรกิจ ขึ้นเป็นอันดับหนึ่ง ห้องออกกำลังกายและกีฬา ใน Bangkok?

คลิกที่นี่เพื่อเป็นสมาชิก?

ที่ตั้ง

ที่อยู่


Bangkok