10/10/2024
အသည်း ဇွဲက အရေးကြီးသလား
ရိုးရာလက်ဝှေ့အကြောင်း ပြောကြတဲ့အခါ အသည်းမကောင်းဘူး၊ အသည်းကောင်းတယ်က မပါမဖြစ် သဘောမျိုး ပြောကြတာ တွေ့ရတယ်
အသည်းကောင်းတဲ့ကစားသမား၊ ခံနိုင်ရည်ကောင်းတဲ့ကစားသမားကို ပိုနှစ်ခြိုက်တာလို့လည်း ယူဆတယ်၊ နည်းစနစ်၊ ပညာပိုင်း အပြင် မာဂုဏ်ကိုပါ ဂုဏ်ယူစရာအနေနဲ့ထည့်ပြောကြတယ်
တကယ်တမ်း၊ မာဂုဏ်၊ အသည်းဇွဲက အရေးကြီးသလား
အကြမ်းအားဖြင့် အသည်း ဇွဲက အထိုက်အသင့် အရေးကြီးပါတယ်
အရေးအကြီးဆုံးလို့ ယူဆတယ်ဆိုရင်တော့ လွဲနေပြီ
ထိတာ၊ နာတာ ကိုမမှုပဲ ပေတေ ထိုးတာ၊ ခံထိုးနေတာကို အသည်းကောင်းတယ်ဆိုပြီး မြှောက်ပင့်နေတာကိုက မှားနေတာ
ခံထိုးတဲ့ ကစားသမား အထိနာတဲ့ကစားသမားကို မစာနာလို့ ပြောတာမဟုတ်ဘူး၊ အထိုးခံနိုင်တာ၊ အနာခံနိုင်တာက ဂုဏ်ပုဒ်တစ်ခုမဟုတ်ဘူး၊ ဒါတွေက ရုပ်ပိုင်းဆိုင်ရာမှာ ဒဏ်တွေဖြစ်၊ ဘဝပါ နာသွားနိုင်တာမျိုးပါ
ငယ်စဉ်က အကြီးအသေးမရှောင် ပြီးဆေးဆောင်ဆိုပြီး မြှောက်ပင့်ပေးခဲ့လို့ ကစားသမားဘဝနေဝင်ချိန် စောခဲ့တဲ့ ရိုးရာမောင်တွေလည်း အများကြီးပါ
အရေးကြီးဆုံးက ခံနိုင်ရည်ထက် ပညာပိုင်းဆိုင်းရာ တိုးတက်အောင် လုပ်ဆောင်သင့်တယ်
အထိုးခံရမယ့်အစား အထိုးမခံရအောင် ကစားတတ်ဖို့၊ နင်မပြီး ငါပြီး ဆိုတာမျိုးထက် ကိုယ်မထိပဲ ပြိုင်ဘက်ပဲ ထိအောင် ကစားတာမျိုးက ကစားသမားဘဝ သက်တမ်းရှည်ပါလိမ့်မယ်။
ပရိသတ်က အသည်းမကောင်းဘူး လို့ အပြစ်မြင်မှာကြောက်လို့ ပေတေခံမှာနဲ့စာရင် မကစားခင်ကတည်းက ပြိုင်ဘက်ကိုလေ့လာပြီး ပညာပိုင်း တိုးတက်အောင် လေ့ကျင့်ထားရင် ပိုကောင်းမယ်လို့ မြင်တယ်
အသည်း၊ ဇွဲ ကောင်း၊ မကောင်း ကြည့်တဲ့အချက်ကလည်း မြန်မာ့လက်ဝှေ့ရဲ့ စည်းမျဉ်းတွေကြောင့်လည်း ပါမယ်။
အလူးအလဲ ပူးတွဲသရေပွဲတွေရှိတဲ့အတွက် ဘယ်လောက်အထိုးခံခံ မရှုံးအောင် ကစားရမယ်ဆိုတဲ့စိတ် ကစားသမားတွေထဲမှာ ရှိတယ်
အမှတ်ပေးပွဲတွေ ကျင်းပခဲ့ရင် အထိနာတဲ့အတွက် ထိချက်ကွာပြီး ရှုံးနိုင်တာသိရင် ပေတေ အထိုးခံချင်မှ ခံပါလိမ့်မယ်
အခုကတော့ လက်ရည်ကွာရင်တောင် သရေရနိုင်တယ်ဆိုတဲ့ စိတ်နဲ့ ခံထိုးတယ်လို့ ယူဆတယ်
မြန်မာကစားသမားအများစုက အသက် ၃၀ ကျော်ရင် လူမအိုပေမယ့် လက်ဝှေ့အိုပြီ၊ အနာတရတွေများပြီ၊ စိတ်သွားတိုင်း ကိုယ်မပါတော့ဘူး
အိမ်နီးချင်း ထိုင်းက ကစားသမားတွေဆို အသက် ၄၀ တန်းထိ တန်းဝင်နီးနီး ကစားနိုင်တုန်း၊ ပြိုင်ပွဲဝင်နိုင်ဆဲပါ
အထိ အခိုက်နည်းရင် ကစားသမားဘဝ သက်တမ်းလည်း ဆွဲဆန့် နိုင်ပါလိမ့်မယ်
အခုက အသည်း ဇွဲ ဆိုတာကို ဂုဏ်တစ်ခုအနေနဲ့ထည့်တွက်ကြတော့ နာနေရင်တောင် ပေထိုး၊ ဆိုင်ထိုးရင်း ဘဝတွေပါ ခါးခဲ့တာမျိုး
ဖြစ်နိုင်ရင် ပညာနဲ့ပဲ ယှဉ်ပြိုင်၊ ပညာရည်ပြည့်ဝအောင်ပဲ လေ့ကျင့်ပြီး ကစားသမားဘဝကို ပျော်ပျော်ကြီး ရှေ့ဆက်တဲ့ ရိုးရာမောင်တွေ အများကြီးကို မြင်ချင်တာပါ
09/10/2024
မြန်မာပြည်ရဲ့ ကြေးအကြီးဆုံးပွဲလို့သတ်မှတ်ထားတဲ့ ထွန်းထွန်းမင်း နဲ့ သွေးသစ်ဝင်းလှိုင် ပွဲက ကရင်ပြည်နယ်နေ့ပွဲမှာ ယှဉ်ပြိုင်ကြမှာပါ
26/09/2024
🥊တစိုက်မတ်မတ် ကြိုးစားအားထုတ်ခြင်းရဲ့ အကျိုးကျေးဇူးကို ပြောရင် စိုးလင်းဦး အောင်မြင်မှု ဥပမာ ပေးလို့ရတယ်
သူက ရိုးရာလက်ဝှေ့မှ ခေတ်ပြိုင်အားလုံးထက် ပိုအောင်မြင်တယ်
ပိုစည်းကမ်းရှိတယ်
သူ့ရဲ့ပြင်းပြတဲ့စိတ် ၊ အောင်ပွဲဆာလောင်မှုက ပရိသတ်တွေကို အစွဲဆောင်နိုင်ဆုံးပဲ
26/09/2024
🥊အားလုံးကောင်းကြတယ်
ONE ပွဲနီးသထက် နီးလာတော့ သတင်းတွေကလည်း အစုံပဲ
အဓိက မြန်မာပရိသတ်က စိုးလင်းဦးနဲ့ သန့်ဇင် ပွဲကို အရမ်းစိတ်ဝင်စားနေပြီ
သတင်းကောင်းက သန့်ဇင်ပွဲကို အရင်လို free ကြည့်ရမယ်
စိုးလင်းဦးပွဲကတော့ PPV ဆိုတော့ အကြံအဖန်လေးတွေ လုပ်မှ ကြည့်ရမယ့် သဘောဖြစ်နေတယ်
စိုးလင်းဦးရော သန့်ဇင်ပါ ပရိသတ်က ချစ်ကြတယ်
၂ ယောက်လုံးကို နိုင်စေချင်တာက အားလုံး ဆန္ဒပါ
၂ ယောက်လုံးကလည်း ပြိုင်ဘက်ကောင်းတွေ၊ တကယ်ကောင်းတဲ့ ဖိုက်တာတွေနဲ့ ရင်ဆိုင်ရမှာဆိုတော့ လွယ်တော့မလွယ်ဘူးပေါ့
စိုးလင်းဦးအတွက်က အရပ်အမောင်းကွာလွန်းတော့ ဝင်ထိုးလို့ ရပါ့မလားလို့ ပရိသတ်က စိတ်ပူတယ်၊ စိုးလင်းဦးလည်း ကြိုတွေးမှာပါပဲ
သူလည်း သူ့စတိုင် သူ့အတွေးနဲ့ ပြိုင်ဘက်ကို ဖြိုဖို့ ကြိုးစားမှာပဲ
သန့်ဇင်ပွဲကတော့ ပွဲကြမ်းဖြစ်ဖို့များတယ်၊ ၂ ယောက်လုံးက ဖိုက်တာ အားသန်ကြတော့ အပြိုင်ထိုး၊ အပြိုင်ကန်တာမျိုးလည်း မြင်ရနိုင်တယ်
ကစားသမားတွေက ကစားသမားကောင်းတွေ ဖြစ်ကြသလို ပရိသတ်တွေကလည်း ဖင်တကြွကြွနဲ့ ကြည့်ချင်လှပြီ
နိုင်စေချင်လှပြီ
သောကြာညတောင် အမြန်ရောက်ချင်နေပြီဗျာ
25/09/2024
မြန်မာပရိသတ်အညှာကို ရဲရဲကြီး ကိုင်ထားတဲ့ ONE
အာရှတခွင်သာမက ကမ္ဘာကိုပါ ထိုးဖောက်နေတဲ့ ONE Championship အဖွဲ့အစည်းက နိုင်ငံတိုင်းမှာ သူတို့အတွက် ပရိသတ်အားကို ထုနဲ့ထည်နဲ့ တည်ဆောက်နေတယ်
သူတို့ရဲ့ ပစ်မှတ်ထဲမှာ မြန်မာပရိသတ်တွေ ပါမယ်ဆိုတာ ပြောဖို့တောင် မလိုဘူး
အရင်ကလည်း မြန်မာ MMA ဖိုက်တာ အောင်လအန်ဆန်းကို တည်ပြီး မြန်မာပရိသတ်တွေရဲ့ အာရုံကို သိမ်းပိုက်ခဲ့သလို အခုလည်း စိုးလင်းဦး၊ သန့်ဇင် တို့ရဲ့ မြန်မာပြည်ဘက် တဖန်ပြန်လှည့်လာပါပြီ
ဒီနောက်ပိုင်း ရိုးရာလက်ဝှေ့ဖိုက်တာတွေကို သူတို့ရဲ့ Friday Fights မှာ ပွဲတွေဆက်တိုက်ပေးနေသလို စိုးလင်းဦး၊ သန့်ဇင် တို့ကို Main Fight ပြိုင်ပွဲတွေမှာပါ ထည့်သွင်းလာပါတယ်
မြန်မာပရိသတ်တွေကလည်း ပြည်ပထွက်ပြိုင်ပြီဆိုရင် အားပေးဖို့ အသင့်ရှိကြသလို အားပေးကြမ်းတယ်ဆိုတာ ONE ကသိပါတယ်
မြန်မာပရိသတ်အားရဲ့ Social Media အသုံးပြုပုံကိုပါ ပါးပါးနပ်နပ်အသုံးချပြီး အွန်လိုင်းကနေ ပရိုမိုးရှင်းအကြီးအကျယ်လုပ်နေတာမျိုး တွေ့ရတယ်
စိုးလင်းဦးပွဲရှိပြီဆိုတာနဲ့ သူတို့ Facebook Youtube Tiktok ကနေ မြိုင်မြိုင်ဆိုင်ဆိုင်ကို content တွေတင်ပါတယ်
စိုးလင်းဦးရဲ့ ပတ်သက်တာမျိုးဆို ခဏလေးအတွင်းမှာပဲ ကြည့်ရှုသူ သန်းနဲ့ချီနေတော့ မြန်မာပရိသတ်တွေကို စွဲဆောင်ရကျိုးနပ်တယ်လို့ ပြောရမှာပါ
အခုလည်း စိုးလင်းဦးကို စာချုပ် ချုပ်ထားပြီး သန့်ဇင်ကိုလည်း စာချုပ်ဖို့ အလားအလာရှိတယ်
နောက်လည်းပဲ မြန်မာပြည်ရဲ့ အလားအလာရှိတဲ့ လက်ဝှေ့မောင်တွေကို ပွဲပေးပြီး မြန်မာပရိသတ်ထုရဲ့ အားပေးမှုကို ခံယူဖို့ရှိပါလိမ့်မယ်။
25/07/2024
🥊ထွန်းထွန်းမင်း facebook မှာ တင်ထားတဲ့ စာအရ လာမယ့် ၈ လပိုင်းမှာ
ထွန်းထွန်းမင်း Vs ကျော်စွာဝင်း ပွဲဖြစ်ပြီလို့ ယူဆလို့ရနေပါပြီ
အလွတ်တမ်းချန်ပီယံ ခါးပတ်လုပွဲလို့ တွေးထင်ရပါတယ်
၅ ချီပဲ ယှဉ်ပြိုင်မလား၊ ၇ ချီ ယှဉ်ပြိုင်မလား မသိရသေးပါ
အမှတ်ပေးမပါလို့ သရေပွဲလည်းဖြစ်သွားနိုင်ပါတယ်
တက်လူ ကျော်စွာဝင်းလည်း မခေသလို ထွန်းထွန်းမင်းကလည်း ပါးနပ်ဆဲပါပဲ
ပွဲကောင်းတစ်ပွဲဖြစ်မှာပါ
16/07/2024
👑အတန်းတက်မှာလား ဝိတ်တင်မှာလား
မြန်မာ့ရိုးရာလက်ဝှေ့နဲ့ပတ်သက်ပြီး ဝိဝါဒကွဲပြားတဲ့အရာတစ်ခုက အတန်းတက်ထိုးဖို့အတွက် ဝိတ်ကတင်ကို တင်ရမှာလား ဆိုတဲ့အချက်ပါ
ဝိတ်တန်းအလိုက်ပြိုင်ပွဲတွေ ကီလိုတန်းအလိုက်ပြိုင်ပွဲတွေရှားပါးတဲ့အတွက် ကစားသမားတွေက သူတို့ရဲ့အရည်အသွေးကို သက်သေပြဖို့ ဝိတ်တင်ပြီး ကီလိုကြီး ပါဝါကြီးတဲ့ကစားသမားတွေနဲ့ ရင်ဆိုင်ရဖို့ဖြစ်လာတယ်
ပရိသတ်တစ်ယောက်အနေနဲ့ မြင်ရမယ်ဆိုရင် ကီလိုကြီးမှ အတန်းကြီးတယ်လို့ သတ်မှတ်ရမလိုဖြစ်နေတယ်
ကီလိုကြီးမှ အတန်းကြီးတယ် ထိုးကြေးမြင့်တယ် တန်းဝင်တယ်လို့ ယူဆစရာ
မြန်မာပြည်အလွတ်တန်းချန်ပီယံဆိုရင်လည်း ကီလိုကြီးပြီး ထွားထွားကြိုင်းကြိုင်း ကစားသမားတွေကသာ အစဉ်အဆက်နေရာယူခဲ့တာများတယ်
အဲဒီအတွက် အလွတ်တန်းချန်ပီယံဆုကို စိန်ခေါ်ဖို့ဆိုရင် စိန်ခေါ်တဲ့ကစားသမားက မဖြစ်မနေ ဝိတ်တင်ရဖို့ရှိတယ်
အရပ်မမြင့်ပဲ ကီလိုသေးတဲ့ ကစားသမားတွေအတွက်က အတန်းတက်ဖို့ ကြေးမြင့်ဖို့ တော်တော်ခက်ပါတယ်
အရိုးအဆစ်၊ အလုံးအထည် မကြီးဘူးဆိုရင် အတန်းကြီးဖို့ တော်တော်မလွယ်တာပါ
မြန်မာပြည်မှာ ပရိသတ်သည်းသည်းလှုပ်ကြိုက်တဲ့ တွေ့မရှောင်၊ စိုးလင်းဦး တို့က ကီလိုမကြီးတဲ့အတွက် မြန်မာပြည်ချန်ပီယံဖြစ်ဖို့ ဇာတာမပါခဲ့ဘူး
အရည်အချင်း ပါရမီ ဘယ်လောက်ပဲကောင်းခဲ့ကောင်းခဲ့ သူတို့အလုံးအရပ်နဲ့ အလွတ်တမ်းချန်ပီယံ မဖြစ်တော့ဘူး
ဒါတွေက လက်ရှိအခင်းအကျင်းရဲ့ ပြဿနာတစ်ခုပါ
ဝိတ်တန်းအလိုက်ချန်ပီယံဆိုတာကလည်း လောကသားတွေလောက်ပဲ သိကြတာ၊ ပရိသတ်တွေကြား ရေပန်းစားလောက်အောင်အထိ ပေါ်ပြူလာမဖြစ်ပါဘူး
ပရိသတ်တွေသိတာက ကီလိုကြီးမှ အတန်းကြီးတယ်ဆိုတာကို အရိုးစွဲနေပြီ
ဒါတွေက ပြောင်းလဲသင့်ပါတယ်
ကစားသမားတွေအတွက်လည်း မသင့်တော်တဲ့ ဝိတ်တွေ တင်ထိုးနေရမယ့်အစား သူ့တို့နဲ့သင့်တော်တဲ့ ဝိတ်တန်းမှာ သတ်သတ်မှတ်မှတ် တန်းဝင်မယ့် အသိအမှတ်ပြုမှုတစ်ခုကို တည်ဆောက်ပေးသင့်တယ်
မြန်မာပြည်မှာ ပထမတန်း၊ ဒုတိယတန်းလို့ သတ်မှတ်ကြတာထဲမှာ ဒုတိယတန်းက ၆၃ ကီလိုကနေ
၆၈ ကီလိုကြားလို့ အကြမ်းအားဖြင့် သတ်မှတ်လို့ရတယ်
ဥပမာပေးရရင် အဲမွီ ဆိုတာ ဒုတိယတန်းမှာ သက်သေပြထားပြီးသား ကစားသမားပါ
သူနဲ့ ကိုက်ညီတဲ့ ကီလို၊ အရပ်အမောင်းရှိတယ်၊ ပညာပိုင်း၊ အိုင်ကြူပိုင်းအရလည်း ထူးချွန်တဲ့ကစားသမားဖြစ်တယ်
ဒါပေမဲ့ သူရဲ့ ယှဉ်ပြိုင်ကြေးက ကီလိုကြီးပြီး သူ့လောက် ပညာမစုံတဲ့ ကစားသမားတွေထက်တောင် နည်းနေနိုင်တယ် (ယှဉ်ပြိုင်ကြေးက အတိအကျ မသိရတာမို့ လွဲနိုင်ပါတယ်)
ဘာလို့လဲဆိုတော့ သူက ကီလိုအရမ်းမကြီးတဲ့သူဖြစ်နေလို့
နောက်တစ်ဦးက သွေးလင်းထက်
၅၇ - ၆၀ ကီလိုတန်းမှာ ပြိုင်ဘက်ကင်းကစားသမားပါ
အထက်မှာ ပြောခဲ့သလိုပဲ သွေးလင်းထက်က ထူးချွန်တဲ့ ပညာစုံတဲ့ လုပ်ရည်ကိုင်ရည်ကောင်းတဲ့ ကစားသမားဖြစ်ပေမယ့် ကီလိုမကြီးတဲ့အတွက် အတန်းကြီးတယ်လို့ သတ်မှတ်တဲ့သူရှားတယ်
တကယ်တမ်း အဲမွီ တို့ သွေးလင်းထက် တို့ဆိုတာ ပညာပိုင်းမှာ မှတ်ကျောက်တင်ထားသူတွေပါ
သူတို့က အတန်းကြီးချင်တယ်ဆိုရင် ဝိတ်တင်ပြီး သူတို့ထက် ကီလိုကြီးတဲ့သူတွေနဲ့ ယှဉ်ပြိုင်ရမယ့် သဘောဖြစ်နေတယ်
အဲမွီက အလွတ်တန်းချန်ပီယံဖြစ်ချင်တယ်ဆို ၇၃ ကီလိုလောက်ထိ တင်ပြီး ယှဉ်ပြိုင်ရမလိုဖြစ်နေတယ်
အဲမွီ အဆက်အပေါက်အရ အဆမတန် ကီလိုတင်လိုက်မယ်ဆိုရင် သူ့ရဲ့ မူလ အရည်အသွေးပြနိုင်ပါဦးမလားဆိုတာ မသေချာပါဘူး
သွေးလင်းထက်လည်း အတူတူပါပဲ
သူက ၅၇ ကီလိုဝန်းကျင်ပဲ ရှိတဲ့အတွက် ၆၇ ကီလိုနီးနီရှိတဲ့ ဒုတိယတန်းကစားသမားနဲ့ ယှဉ်ပြိုင်ဖို့ မဖြစ်သင့်ဘူး
အဲဒီအတွက် သူ့ကို ဒုတိယတန်းကစားသမားအဖြစ် သတ်မှတ်ကြမှာ မဟုတ်ဘူး
တကယ်တမ်း သွေးလင်းထက် အရည်အသွေးက အဆင့်တစ်ခုမှာရှိတယ်
သူနဲ့ ကိုက်ညီတဲ့ တန်းတစ်ခုရှိသင့်တယ်
အဲမွီ တို့ သွေးလင်းထက် တို့ကို ဥပမာပေးပြောတာပါ
တကယ်က ကီလိုတန်းအလိုက် ချန်ပီယံဆိုတာမျိုးက သတ်သတ်မှတ်မှတ်ကို ဖြစ်သင့်တာ
ဒါမှလည်း ယှဉ်ပြိုင်ကြေး ပိုရဖို့ မဖြစ်သင့်တဲ့ ဝိတ်တွေတင်ထိုးနေတာတွေ နည်းပါးလာမှာ
ဝိတ်တင်ပြီး ပညာပိုင်း နည်းပါးတာထက်စာရင် ကီလိုသေးပေမယ့် ပညာမငယ်တဲ့ ကစားသမားတွေကိုလည်း နေရာပေးသင့်ပါကြောင်း.......
07/07/2024
⏳အရွယ်ရှိခိုက် လုံ့လစိုက်
အားကစားသမားတွေရဲ့ သက်တမ်းက အကန့်အသတ်ရှိတယ်
အားနဲ့ကစားရတဲ့ သူတွေဆို ပိုပြီးတော့တောင် အကန့်အသတ်များသေးတယ်
ဘောလုံးကစားသမားတွေက အသက် ၃၅ ဝန်းကျင်ဆို ကစားသမားဘဝ နေဝင်ချိန်ရောက်ပြီလို့ ဆိုနိုင်တယ်
အငြိမ်ကစားနည်းတွေကလွဲလို့ ကစားနည်းတော်တော်များများက အသက်အရွယ်နုနယ်တုန်းမှာပဲ အဆင်ပြေမယ်
အရွယ်ရလာရင် ဇရာက စကားပြောလာပြီ
ရိုးရာလက်ဝှေ့မှာတော့ ကစားသမားသက်တမ်းက ပိုပြီးတော့တောင် တိုတောင်းသေးတယ်
မြန်မာပြည်ရဲ့ အနေအထိုင်အစားအသောက်အပြင် ကိုယ့်အခြေနေကို ဂရုမစိုက်ပဲ ပွဲကြမ်းတွေ ဆက်တိုက်နွဲခြင်းကလည်း သက်တမ်းတိုခြင်းရဲ့ အဓိကအချက်ဖြစ်သွားတယ်
ကစားသမားတွေက ပွဲရှိတုန်းမှာ ယှဉ်ပြိုင်ရတာဖြစ်တဲ့အတွက် ကိုယ့်ကိုယ်ကိုယ် ဂရုမစိုက်နိုင်ပဲ ပွဲတွေတောက်လျောက်ဝင်ပြိုင်ကြတယ်
အနာအဆာများတယ်၊ ဒဏ်တွေများတယ်၊ အထိအခိုက်အရှအနာများတယ်၊ အသက် ၃၀ လောက်ဆို ကျကုန်ပြီ
အရွယ်ကောင်းတုန်း စုမိဆောင်းမိသူဆို အခက်အခဲမရှိပေမယ့် မစုဆောင်းနိုင်သူတွေက အရွယ်ရတော့ နေထိုင်စားသောက်ဖို့ရုန်းကန်ကြရတယ်
လက်ဝှေ့သမားအများစုက ကစားသမားဘဝတလျှောက်လုံး လက်ဝှေ့ထဲမှာ မြုတ်နှံထားတာ
စီးပွားရေးတဖက်နဲ့ လက်ဝှေ့ထိုးသူ အတော်ကိုနည်းတယ်
အဲဒီအတွက် လက်ဝှေ့ကနားပြီဆို စီးပွားရေးဘက်ကို ပြောင်းနိုင်သူရှားတယ်
ပြေလည်ဖို့ ရုန်းကန်ရသူက ရာခိုင်နှုန်းပိုများနိုင်တယ်
ကိုယ်တိုင်က လက်ဝှေ့ပဲ တစိုက်မတ်မတ်လုပ်မယ်ဆို ကစားသမားသက်တမ်းကို ဆွဲဆန့်နိုင်မှ တော်ကာကျမယ်
ကစားနိုင်တုန်း၊ ရှာနိုင်တုန်းမှာ ရှာထား၊ စုထား၊ ဆောင်းထားနိုင်ရင် ကစားသမားဘဝ နေဝင်ချိန်တည်ငြိမ်ဖို့ ရာခိုင်နှုန်းများတာပေါ့
ကစားသမားသက်တမ်းကို ဆွဲဆန့်ဖို့ဆိုတာလည်း အနေအထိုင်က စည်းကမ်းရှိဦးမှ
သောက်သောက်စားစား လူ့မင်းသားလုပ်နေရင်တော့ ရေရှည်လက်ဝှေ့ထိုးစားဖို့ခက်ဦးမှာပဲ
အရွယ်ကောင်းတုန်း ကြိုးစားကစား၊ စည်းကမ်းရှိရှိနေ၊ အလေအလွင့်နည်းနည်းနဲ့ စုဆောင်းနိုင်ရင် ကစားသမားဘဝနှောင်းပိုင်း တည်ငြိမ်နိုင်တာပေါ့
ကစားသမားက ကစားတာပဲ အာရုံစိုက်နိုင်ရင် အကောင်းဆုံးပဲ
အခုခေတ်လို စိတ်လေလွင့်စရာတွေ များတဲ့အချိန်မှာ ကိုယ့်အနာဂတ်ကို စည်းကမ်းရှိရှိ တည်ဆောက်နိုင်ရင် နောင်ရေးစိတ်အေးရတာပေါ့ဗျာ
05/07/2024
🏆ကြိုးစားနေသူတိုင်းရဲ့ စံပြ၊ အားထုတ်မှုတိုင်းရဲ့ နတ်သိကြား - စိုးလင်းဦး
အောင်ပွဲဆိုတာ ကြိုးစားမှုက လာတယ်
ကြိုးစားမှုရဲ့ အသီးအပွင့်က အောင်ပွဲပဲ
အခု စိုးလင်းဦး ခမ်းနားတဲ့ နိုင်ပွဲတွေရနေတယ်
ဒါက အကြောင်းမဲ့မဟုတ်ဘူး
သူတကယ်ကြိုးစားလို့
စိုးလင်းဦး ဘယ်လောက် ကြိုးစားလဲ၊ ဘယ်လောက် စိတ်ပြင်းပြလဲ အားလုံးအသိပါ
အခုအောင်မြင်မှုတွေက သူ့အားထုတ်မှုမှ ပေါက်ဖွားလာတာတွေ
စိုးလင်းဦးက ဘယ်တုန်းကမှ ပရိသတ်တွေကို စိတ်မပျက်စေခဲ့ဘူး
ဘယ်တုန်းကမှလည်း ရှောင်ပြေးခဲ့ခြင်းမရှိဘူး
သူက အင်မတန်ရဲရင့်တယ်၊ ယုံကြည်မှုပြင်းတယ်
ယုံကြည်မှုပြည့်အောင် ကိုယ့်ကိုယ်ကိုယ် အမြဲပြင်ဆင်နေတယ်
စိုးလင်းဦးမှာ training လုပ်ဖို့ အကြောင်းပြချက်မလိုဘူး
အားကစားသမားမို့ လေ့ကျင့်တယ်၊ ပြင်ဆင်တယ်၊ မိုးရွာလည်း လေ့ကျင့်တယ်၊ နေပူလည်း လေ့ကျင့်မှုမပျက်ဘူး
လက်ဝှေ့နဲ့ အသက်မွေးတယ်၊ လက်ဝှေ့မှာ အောင်မြင်အောင် ကြိုးစားတယ်
ဒါက ကစားသမားကောင်းတွေရဲ့ စိတ်ထားပဲ
အခု ONE မှာ နေရာတစ်ခုရပြီ
ရိုးရာကစားသမားတွေထဲမှာ ဒီအခွင့်အရေး သူပထမဆုံးရတယ်
သူ့ကြိုးစားမှုကြောင့်ရတာ၊
သူက ကြိုးစားနေသူတိုင်းရဲ့ စံပြပဲ
အားထုတ်မှုတိုင်းရဲ့ နတ်သကြားပဲ
နည်းမှန် လမ်းမှန်တဲ့ ကြိုးစားရင်
ကိုယ့်အလုပ်ကို ရူးသွပ်ရင် တကယ်အောင်မြင်တာက စိုးလင်းဦးက သက်သေပဲ