Monday Channel Sports Journal

Monday Channel Sports Journal

Share

Football isn't two legs game. 🤘

20/08/2026

ယူရိုသန်း ၆၀၀ နီးပါးတန်ဖိုးမြင့်
တိုက်စစ်အတွဲနဲ့ ရာသီသစ်
ရီယဲလ်အသင်းအလားအလာတဲ့?

ဒီနှစ်တိုက်စစ်ပရောဂျက်က
ပဲရက်ဇဲတည်ဆောက်ခဲ့သမျှထဲ
တန်ဖိုးအမြင့်ဆုံးပရောဂျက်ပဲ၊

ဈေးကွက်တန်ဖိုးအရ -
ဘာပေး ယူရိုသန်း ၂၀၀
ဘယ်လင်ဟမ် ယူရိုသန်း ၁၆၀
ဗင်နီစီးယပ်စ် ယူရိုသန်း ၁၄၀
ဒီအိုမန်းဒေး ယူရိုသန်း ၉၀
ပေါင်းရင် ယူရိုသန်း ၅၉၀ ရှိတယ်၊

ဒါပေမယ့်
Football Engineering လို့ခေါ်တဲ့
ဘောလုံးအင်ဂျင်နီယာ
အတတ်ပညာအရ ပဲရက်ဇ်က
စွမ်းဆောင်ရည်ကြီးကျယ်ပီး
ခမ်းနားတဲ့ ဒီတိုက်စစ်အတွဲကို
အလွန်သင့်တင့်မျှတတဲ့ဈေးနဲ့
ရအောင်တည်ဆောက်နိုင်ခဲ့တယ်၊

အပိုဘောနပ်စ်ဆုကြေးငွေ
ထည့်မတွက်ဘူးဆို -
ဘာပေးအတွက်လက်မှတ်ထိုးကြေး
(ခန့်မှန်း) ယူရိုသန်း ၄၀၊
ဒီအိုမန်းဒေးအတွက် ယူရို ၁၂၅ သန်း၊
ဗီနီစီးယပ်စ်အတွက် ယူရို ၄၅ သန်းနဲ့
ဘယ်လင်ဟမ်အတွက် ယူရို ၁၀၃ သန်း၊
၄ ယောက်ပေါင်းကုန်ကျငွေ
ယူရို ၃၁၃ သန်းပဲရှိခဲ့တယ်၊

(ပဲရက်ဇ်ရဲ့ ဈေးကွက်အမြင်
အလားလာသုံးသပ်နိုင်စွမ်းနဲ့
မဟာဗျူဟာမြောက်လှုပ်ရှားမှုတွေက
အံ့မခန်းလောက်အောင်ပါပဲ)

ဒီတန်ဖိုးမြင့်တိုက်စစ်တွဲလုံး
ပရောဂျက်က အရင်ဂန္ထဝင်
တိုက်စစ်အတွဲ BBC ထက်
အင်အားပိုကြီးပီး ပိုခမ်းနားမယ့်
တိုက်စစ်လောင်းကြေးထပ်မှုမျိုး
ဖြစ်လာနိုင်တယ်၊

ကျွမ်းကျင်သူတွေနဲ့
ဝေဖန်ရေးဆရာတွေကတော့
လက်ရှိဘောလုံးအသင်းတွေထဲ
ပွဲထွက်လူစာရင်းတခုထဲမှာ
ဒီလိုတိုက်စစ်အရည်သွေးမြင့်ပီး
ကြောက်မက်ဖွယ်အတွဲအစပ်မျိုး
တပြိုင်တည်းထည့်ကစားနိုင်တဲ့
အသင်း ဥရောပမှာရီယဲလ်အပြင်
တခြားမရှိနိုင်ဘူးလို့
သုံးသပ်ထားကြတယ်၊

ဒါကြောင့်
ယူရိုသန်း ၆၀၀ နီးပါးတန်ဖိုးမြင့်
တိုက်စစ်အင်အားကြီးနဲ့
ရီယဲလ်အသင်းရာသီသစ်မှာ
အောင်မြင်မှုကြမ်းမလား?

ဒါကတော့ ပြောရခက်တယ်၊
ဘောလုံးမှာအောင်မြင်မှုကို
ပလေယာတွေရဲ့
Price tag နဲ့ချိတ်ပီး
တွက်လို့မရဘူး၊

ပီးတော့ နည်းပြကလည်း
မော်ရင်ညိုဖြစ်နေတယ်၊

တိုက်စစ်အတွဲစပ်တခုအောင်မြင်ဖို့ဆို
အဓိက အချိန်လိုတယ်၊

ပီးတော့
သူတို့အချင်းချင်း နားလည်မှု
သိမြင်မှုနဲ့ ဖေးမကူညီမှု
Chemistry ကြီးကြီးလိုသလို
တဉီးချင်းရဲ့ခြေစွမ်းအတက်အကျ
နည်းပြရဲ့မှန်ကန်တဲ့နည်းစနစ်နဲ့
လူအခင်းအကျင်းလည်းလိုတယ်၊

ရှာခဲလ်နဲ့ပွဲပီး
(ရှော့ကေးလ်လို့အသံမထွက်ပါ)
သုံးသပ်ချက်အရတော့
မော်ရင်ညိုရဲ့ ၄-၂-၃-၁ ကစားကွက်မှာ
တိုက်စစ်မြှားဉီးမှာ ဘာပေး
ဘယ်တောင်ပံမှာ ဗင်နီ
ညာတောင်ပံမှာ ဒီအိုမန်းဒေးနဲ့
ကွင်းလယ် 10 Role မှာ
ဘယ်လင်ဟမ်ကိုတည်ကစားဖို့
များတယ်၊

ဘယ်လင်ဟမ်အတွက်
10 Role က သူ့အကြိုက်ဆုံးနဲ့
စွမ်းရည်အထွက်ဆုံးနေရာပဲ၊
ခံစစ်လိုက်ပါကူညီမှုတာဝန်
လျှော့ချခံရပီး
တိုက်စစ်ကစားကွက်ပုံဖော်ဖို့နဲ့
တိုက်စစ်လှုပ်ရှားမှုအတွင်း
နက်နက်ရှိုင်းရှိုင်းလိုက်ပါပီး
ဧရိယာထဲပြေးဝင်ဂိုးသွင်းရမှာ၊

(အဲ့နေရာကနေပီး
အန်ဆယ်လော့တီလက်ထက်
သူ့ရဲ့ရီယဲလ်ပထမဆုံးရာသီမှာ
ခြေစွမ်းပြခဲ့ဖူးသလို တူဟယ်ရဲ့
အင်္ဂလန်အသင်းမှာလည်း
မွှေနှောက်ပီး အဆုံးဖြတ်ဂိုးတွေ
သွင်းပြခဲ့ဖူးတယ်)

ဘာပေးနဲ့ ဗင်နီကိုခွဲထုတ်လိုက်တယ်၊
ဗင်နီကို သူ့အကြိုက်ဆုံး
ဘယ်တောင်ပံမှာဆက်ထားတယ်၊
ဘာပေးကိုတော့ သူ့အမြန်နှုန်း
အမြင်နဲ့ ဂိုးသွင်းစွမ်းရည်ကြောင့်
မြှားဉီးတင်လိုက်တယ်၊
သူ့ရဲ့တန်ပြန်တိုက်စစ်ဗျူဟာမှာ
ဘာပေးက နောက်ခံလူတွေကို
မြှားခေါ်ဖို့နဲ့ အမြန်နှုန်းကိုအသုံးချပီး
Through pass တွေကနေဂိုးသွင်းဖို့၊

ဘာပေးက သူ့ရဲ့တန်ပြန်
တိုက်စစ်ဗျူဟာမှာ
အဓိကကျတဲ့ Target man နဲ့
ဂိုးသွင်းစက်ဖြစ်လာနိုင်တယ်၊

အဲ့ ၄ ယောက်တိုက်စစ်မှာ
အားနဲ့အင်နဲ့ကစားနိုင်ဖို့အတွက်
ကွင်းလယ်ခံစစ်ကို
Double Pivot သုံးမယ်၊
ကွင်းလယ်ခံစစ်အဓိကလူအဖြစ်
ချူအာမန်နီကိုသုံးပီး
ကာမာဗန်ဂါ (သို့) ဗယ်လ်ဗာဒီတို့နဲ့
တွဲကစားနိုင်မယ်၊

ကစားပုံမှာ ၂ မျိုးလျာထားပုံ
ပေါ်တယ်၊

အသင်းကြီးတွေနဲ့တွေ့ရင်
အဲ့တိုက်စစ်သမား ၄ ဉီးလုံးထည့်မယ်ဆို
ခံစစ်ပိုင်းဟန်ချက်ယိုင်သွားနိုင်တယ်၊

အဲ့အတွက် သူက
၄ ယောက်လုံးထည့်ကစားမယ့်ပုံစံမှာ
ဘာပေး ဗင်နီ ဒီအိုမန်းဒေး
ဘယ်လင်ဟမ်အကုန်လုံးကို
ဘောလုံးဆုံးရှုံးတာနဲ့
ခံစစ်ကိုအားသွန်ခွန်စိုက်ပြန်ဆင်းကူပီး
ဖိအားပေးလုယူရေး
(Defensive Workrate) ကို
မြှင့်တင်ထားဖို့ တင်းတင်းကျပ်ကျပ်
တောင်းဆိုထားတယ်၊

အဲ့အတွက်လည်း ရာသီကြိုကစပီး
ထရိန်ဆက်ရှင်တွေမှာ
အလွန်ပင်ပန်းကြမ်းတမ်းတဲ့
ကိုယ်ကာယကြံ့ခိုင်မှုရဖို့
စပယ်ရှယ်လေ့ကျင့်ခန်းတွေနဲ့
ထည့်ပီးမောင်းထားတယ်၊

နောက်ပုံစံတခုက
လိုချင်တဲ့ဂိုးရတာ (ဒါမှမဟုတ်)
ဘောလုံးပိုင်ဆိုင်မှုနဲ့ကစားကွက်ကို
ထိန်းချုပ်ချင်တာဆို
တိုက်စစ် ၄ ယောက်လုံးမထည့်တော့ဘဲ
ညာတောင်ပံမှာ ဘာနာတိုနဲ့
ကွင်းလယ်မှာ အာဒါဂူလာတို့ထည့်ပီး
နည်းဗျူဟာပြောင်းကစားနိုင်တယ်၊

ကစားပုံမှာတော့
မော်ရင်ညိုက ရိုးရှင်းပါတယ်၊
တိုက်စစ် Build up ကို
လျင်လျင်မြန်မြန်စပီး
လွတ်နေတဲ့ပြိုင်ဖက်ခံစစ်နေရာတွေကို
ဒေါင်လိုက်ဖြတ်ခင်းဘောတွေပေးပီး
ထိရောက်မြန်ဆန်တဲ့
ကောင်တာတိုက်စစ်ပဲသုံးမှာပါ၊

သူ့ရဲ့ ထိရောက်မြန်ဆန်တဲ့
ကောင်တာတိုက်စစ်နဲ့
လျင်မြန်မှုရော အရှိန်ပြင်းအားပါရှိပီး
ဂိုးသွင်းစွမ်းရည်ထက်မြက်တဲ့
ဘာပေး ဗင်နီ ဒီအိုမန်းဒေးတို့
စွမ်းဆောင်ရည်နဲ့ဆို အံ့ဝင်ခွင်ကျရှိမယ်လို့
ခန့်မှန်းထားကြတယ်၊

ဆိုတော့??

ယူရိုသန်း ၆၀၀ နီးပါးတန်ဖိုးမြင့်
တိုက်စစ်အတွဲနဲ့ ရာသီသစ်
ရီယဲလ်အောင်မြင်မှုကြမ်းမလား?

Los Blancos တယောက်ဆို
ခင်ဗျားရော ဘယ်လိုမြင်လဲ?


11/08/2026

၁)
ကမ္ဘာကြီးက
သားဖြစ်သူရဲ့ခြေထောက်ကိုပဲ
အမြဲငေးမောကြည့်နေချိန်မှာ
အဖေဖြစ်သူက
သူ့သားရဲ့မျက်ဝန်းနက်တွေကိုပဲ
တချိန်လုံးစိုက်ကြည့်နေခဲ့တာပါ၊
ကမ္ဘာ့ဖလားကိုင်မြှောက်ပီးချိန်
သူ့သားကို တကမ္ဘာလုံးက
'ပြီးပြည့်စုံတဲ့ ဘောလုံးဘုရင်ကြီး' လို့
မြင်ခဲ့ တွေးခဲ့ကြပေမယ့်
အဲ့အဖေဖြစ်သူကတော့
လွန်ခဲ့တဲ့ ၂၆ နှစ်
ရိုဆာရီယိုမြို့လမ်းကြားလေးထဲ
အလုပ်ကြမ်းလုပ်ပီး
သူအိမ်ပြန်လာချိန်စောင့်ကာ
ပြေးဖက်တတ်တဲ့
သူ့သားငယ်ရဲ့ပြည့်ဝကျေနပ်သွားတဲ့
အပြုံးနုနုတွေပဲ
မြင်နေ တွေးနေခဲ့တာပါ"

ရိုးရှင်းတဲ့ အဖေ
နှိမ့်ချတဲ့ အဖေ
အလုပ်ကြိုးစားတဲ့ အဖေ
မိသားစုကိုချစ်တဲ့ အဖေ
ပီးတော့ သားဖြစ်သူကို
ဘောလုံးသမားဖြစ်ဖို့
အရာရာနောက်ကလိုက်လုပ်ပီး
ပံ့ပိုးပေးခဲ့တဲ့ အဖေ..

ခုတော့.??
အဲ့အဖေ မရှိတော့ဘူး၊
-

၂)
"အဖေက နေ့တိုင်း
မနက် ၄ နာရီဆို အိပ်ရာထပီး
အလုပ်သွားပီ၊
ည ၉ နာရီ ညစာစားခါနီးမှ
အိမ်ပြန်ရောက်တယ်၊
ဒါကြောင့် အဖေနဲ့လူချင်း
တွေ့ရခဲတယ်၊ ဒါပေမယ့်
(သူအားချိန်ရောက်လို့)
တွေ့ရတဲ့အချိန်တိုင်း
သူက ငါတို့အားလုံးနဲ့ရှိတဲ့အချိန်ကို
တကယ်တန်ဖိုးထားတယ်၊
အိမ်ပြန်ရောက်တာနဲ့ သူက
မားတေး(Mate)လက်ဖက်ရည်ကို
မြန်မြန်သောက်ပြီး ငါ့ကို
ဘောလုံးကွင်းဆီလိုက်ပို့တာ
ဒါမှမဟုတ်
ပွဲတွေကိုလိုက်ကြည့်တာမျိုး
ချက်ချင်းလုပ်ပေးတတ်တယ်.."

"သူအိမ်ပြန်လာမယ့်ချိန်ကို
ငါအမြဲစောင့်နေတတ်တယ်၊
အိမ်ထဲဝင်လာတာနဲ့
သူ့ကို ပြေးဖက်ပီးဘေးမှာပဲ
ကပ်နေချင်ခဲ့တယ်၊
ဘာလို့လဲဆို? သူငါ့ကို
လွမ်းနေမယ်ဆိုတာသိသလို
သူတနေ့ကုန်အလုပ်ထဲမှာပဲ
အချိန်ကုန်ခဲ့ရလို့ပါ၊
မှတ်မှတ်ရရဆို သူငါ့ကို
တခါမှ အော်ဟစ်ဆူပူတာ၊
စိတ်ဆိုးတာမျိုးမရှိခဲ့ဖူးဘူး"

"ငါဥရောပမလာခင်
အာဂျင်တီးနားကငါတို့အိမ်မှာ
'အပြန်အလှန် လေးစားမှု'
'ကြိုးစားအားထုတ်မှု' နဲ့
'နှိမ့်ချမှု' စတဲ့ အဲ့စံတန်ဖိုးတွေကို
သူ့ဆီက သင်ယူရင်း
ကြီးပြင်းခဲ့ရတာပါ.."

"ငါတို့ ဘာတခုမှမလိုအောင်
သူ ဘယ်လောက်ပေးဆပ်ပီး
လုပ်ပေးခဲ့ရလဲဆိုတာ
ကိုယ်တိုင်မြင်ခဲ့ရတယ်၊
ဘုရားသခင်နဲ့ အဖေကြောင့်
ငါ့မှာ ဘာမှမလိုခဲ့ပါဘူး၊
အဲ့ဒီပေးဆပ်မှုတွေဆီကနေပဲ
ငါအရာရာကို သင်ယူ
သိနားလည်တတ်မြောက်ခဲ့ရတယ်"

"ဘောလုံးကစားချိန်ရောက်တော့
အမေက ငါ့အတွက်
အကောင်းဆုံးအမေဖြစ်ပီး
ပွဲရှုံးတာ ဒါမှမဟုတ်
အဆင်မပြေတာတခုခုဖြစ်ခဲ့ရင်
ငါ့အပြစ်မဟုတ်ဘူးလို့
အမြဲတွေးပေးတတ်တဲ့ အမေမျိုးပါ၊
ဒါပေမယ့်
အဖေကတော့ အဲ့အပိုင်းမှာ
ကွဲပြားတင်းကျပ်ပါတယ်၊
သူက ငါ့ကို အမြဲတမ်းဝေဖန်
ထောက်ပြတတ်တယ်၊
တချို့ပွဲတွေ
ကောင်းကောင်းကစားနိုင်လို့
ချီးကျူးတတ်ပေမယ့်
တချို့ပွဲတွေမှာ လွယ်ကူတဲ့
အခွင့်အလမ်းတွေနဲ့ဂိုးသွင်းခွင့်တွေ
လွဲချော်ခဲ့ရင် ဘာလို့
လွဲချော်တာလည်းလို့
ထောက်ပြတတ်တယ်၊
အဲ့လို ဝေဖန်ထောက်ပြမှုတွေကပဲ
ငါ့ကို ပိုကောင်းလာမယ့်
ကြိုးစားချင်စိတ်ကို
ဖြစ်ပေါ်စေခဲ့တာပါ"
-

၃)
"မှတ်မိသေးတယ်..
ဘာစီလိုနာကို စရောက်ချိန်မှာ
ငါတို့သားဖနှစ်ယောက်
အလွန်ကို ခက်ခဲပင်ပန်းခဲ့ကြတယ်၊
ငါက သူစိတ်မကောင်းဖြစ်မှာစိုးလို့
မမြင်အောင်
ညဘက်မှအခန်းတံခါးပိတ်
မျက်နှာကိုခေါင်းအုံးနဲ့ဖိပီး
တိတ်တဆိတ်ရှိုက်ငိုခဲ့သလို
သူကလည်း
ငါစိတ်ဓာတ်ကျမှာစိုးလို့
ဧည့်ခန်းထဲ ငါမမြင်အောင်
မျက်ရည်တွေကျပီးငိုခဲ့ဖူးတယ်၊
ငါတို့ သားဖနှစ်ယောက်လုံး
တယောက်ကိုတယောက်
အဆင်ပြေသွားမှာပါလို့
ဟန်ဆောင်ပီးနေခဲ့ကြပေမယ့်
တကယ်တော့ အဲဒီအချိန်တွေက
အရမ်းပင်ပန်းဆင်းရဲခဲ့ကြတယ်"

"တနေ့ဆို သူက
ဧည့်ခန်းထဲထိုင်နေရင်း
စိတ်မကောင်းတဲ့မျက်နှာနဲ့
'သား... အားလုံးလက်လျှော့ပီး
ငါတို့ အာဂျင်တီးနားက
အိမ်ကိုပဲပြန်ကြမလား' လို့
ရုတ်တရက်မေးခဲ့တယ်၊
ဒါမဲ့ ငါက အဖေရဲ့ပေးဆပ်မှုနဲ့
ပင်ပန်းဆင်းရဲခဲ့မှုတွေကိုသိလို့
'ဟင့်အင်း အဖေ...
ကျနော်ဒီမှာပဲ
ဆက်ကြိုးစားကြည့်မယ်' လို့
ပြန်ဖြေခဲ့လိုက်တယ်"

"၂၀၀၀ ပြည့် ဒီဇင်ဘာလထဲက
တရက်မှာ အဖေက
ကလပ်(ဘာဆာ)ရဲ့အချိန်ဆွဲမှုကို
သည်းမခံနိုင်တဲ့အဆုံး
'မင်းတို့ အခုချက်ချင်းမဆုံးဖြတ်ရင်
ငါ့သားကိုခေါ်ပီး အာဂျင်တီးနားကို
ခုပဲပြန်တော့မယ်' လို့
ရဲရဲဝံ့ဝံ့ပြောလိုက်တဲ့အခါမှ
ငါ ဘာစီလိုနာမှာနေရမယ့်
သမိုင်းဝင်အာမခံချက်ရခဲ့တာပါ"
-

၄)
"အဖေက ငါ့ပေါ်
လုပ်ပေးခဲ့တာတွေအများကြီးပါပဲ၊
အဲ့ထဲမှာ အမှတ်ရဆုံးက-
ဂီတာဖေးအသင်းဘက်ကို
ဂန္ထဝင်ဂိုးသွင်းပီးနောက်လူတွေက
ငါ့ကိုဘောလုံးနတ်ဘုရားတပါးလို
ဝိုင်းအမွှမ်းတွေတင်နေချိန်မှာ သူက
'ဘောလုံးသမားကောင်းတဉီး
ဖြစ်တာထက် မင်းအနေနဲ့
အလွန်ထူးချွန်ပီးစိတ်ထားကောင်းတဲ့
လူသားတယောက်ဖြစ်နေတာကိုပဲ
ငါပိုပီး ယုံကြည်နေတယ်၊
ငါက မင်းရဲ့အဖေဖြစ်လို့
ဒီလိုပြောနေတာမဟုတ်ဘူး၊
မင်းကိုသိတဲ့လူအများစုကလည်း
ဒါကို အမှန်လို့ပဲသိကြမှာပါ၊
ဒါကြောင့် မင်းရဲ့
လက်ကျန်ဘဝတလျှောက်လုံး
အခုလိုလူမျိုးအဖြစ်နဲ့ပဲဆက်နေပါ၊
လူတွေကလည်း
မင်းရဲ့စိတ်ထားကြောင့်ပဲ
မင်းကိုဆက်ပီးချစ်ကြပါလိမ့်မယ်' လို့
မမေ့နိုင်မယ့် ဆုံးမစကား
ပြောခဲ့ဖူးတယ်.."

"အဲ့စကားက နာမည်ကျော်မှုနဲ့
အောင်မြင်မှုရလာချိန်မှာ
နှိမ့်ချမှုနဲ့ စိတ်နေစိတ်ထားမှန်ကန်ဖို့
ငါ့ကို အလင်းပြပေးနိုင်ခဲ့တယ်"
-

၅)
(ပီးခဲ့တဲ့ကမ္ဘာ့ဖလား
အယ်လ်ဂျီးရီးယားနဲ့ပွဲမှာ
ငိုခဲ့တာက)
"ဘောလုံးနဲ့ လုံးဝမသက်ဆိုင်တဲ့
စိတ်မကောင်းစရာအခြေအနေ
တခုကြောင့်(အဖေကြောင့်) ပါ၊
အလွန်တရာခက်ခဲပီး
ရှုပ်ထွေးတဲ့နေ့ရက်တချို့
ဖြတ်သန်းခဲ့ရတယ်၊
ဒါပေမယ့် အာဂျင်တီးနားတဖွဲ့လုံးနဲ့
အသင်းဖော်တွေကို
အထူးကျေးဇူးတင်တယ်၊
ဘာလို့လဲဆိုတော့ သူတို့က
ငါ့ဘေးနား အမြဲတမ်းရှိနေပေးပီး
ကြံ့ကြံ့ခံနိုင်မယ့်ခွန်အားတွေ
ပေးခဲ့ကြလို့ပါပဲ.."

"ငါအဲ့အခြေအနေကို
တောင့်မခံနိုင်လို့ ပွဲကန်နေရင်း
အာဂျင်တီးနားကိုပြန်မယ့်ဆိုတဲ့
ဆုံးဖြတ်ချက်ချခဲ့ဖူးတယ်၊
သူတို့ကြောင့်ပဲ စိတ်ခွန်အားနဲ့
ပွဲမှာကစားမယ့်စွမ်းအင်တွေ
ပြန်ရခဲ့တာပါ.."

"ငါဘောလုံးကို ချစ်ပါတယ်၊
ဒါပေမယ့် ငါ့အတွက်တော့
မိသားစုက အရာအားလုံးရဲ့
အထက်မှာပဲ ရှိနေပါတယ်.."
-

၆)
ကမ္ဘာကြီးက
သူ့သားရဲ့ခြေထောက်ကိုပဲ
တချိန်လုံးငေးမောကြည့်နေချိန်မှာ
သူကတော့
သူ့သားရဲ့မျက်ဝန်းနက်တွေကိုပဲ
အမြဲစိုက်ကြည့်ပီး
လိုအပ်တာတွေဖြည့်ပေးခဲ့တာပါ၊

သူ့သား ဘောလုံးမှာ
သူမတူတဲ့အောင်မြင်မှုတွေနဲ့
အကြီးကျယ်ဆုံး အခမ်းနားဆုံး
ဘောလုံးသမားတယောက်
ဖြစ်လာတော့လည်း
အောင်မြင်မှု နာမည်ကျော်ကြားမှုနဲ့
ငွေကြေးချမ်းသာမှုထက်
ဘဝမှာစိတ်ထားကောင်းပီး
နှိမ့်ချတတ်တဲ့ လူကောင်းတယောက်
ဖြစ်ဖို့ပဲ ဆန္ဒရှိနေခဲ့သူပါ၊

မက်ဆီက ထူးခြားတယ်ဆိုရင်
သူ့အဖေက ပိုထူးခြားနေလို့ပါပဲ၊

ဟော်ဟေးမက်ဆီ
(သို့)
နှိမ့်ချကြိုးစားသူတဉီး
(သို့)
သားဖြစ်သူအောင်မြင်မှုရဖို့
အရာရာပေးဆပ်ကြိုးစားခဲ့တဲ့
ဖခင်ကောင်းတယောက်..

ဟော်ဟေး ကောင်းရာမွန်ရာမှာ
ရှိနေမယ်လို့ ယုံကြည်နေပါတယ်၊


30/07/2026

မိုးထိအောင် လှေကားထောင်လာတဲ့
ဘောလုံးသမားတွေရဲ့
ဖောင်းပွပြောင်းရွှေ့ကြေးများတဲ့၊

ဒါမြင်တော့..
ဗီလာနည်းပြဟောင်းဂျွန်ဂရက်ဂရီရဲ့
စကားပြန်သတိရမိတယ်၊
ကြာပါပီ..
လွန်ခဲ့တဲ့ ၂၈ နှစ်က ပြောခဲ့တာ၊

အဲ့ချိန်ဗီလာက
ဒွိုက်ယော့ခ်ကို မန်ယူက
ပေါင် ၁၂.၆ သန်းပေးပီး
မရမကခေါ်ခဲ့စဉ်မှာ သူက -
"ငါ့လက်ထဲ
သေနတ်တလက်သာရှိရင်
သူ့(ဒွိုက်ယော့ခ်)ကို
ပစ်သတ်မိမယ်" လို့
ပြောခဲ့ဖူးတယ်၊

ဒွိုက်ယော့ခ်ရဲ့သစ္စာဖောက်မှုနဲ့
မန်ယူရဲ့ အဲ့ချိန်
ကစားသမားတယောက်ကို
စံချိန်တင်ငွေသုံးခေါ်မှုနဲ့ပတ်သက်ပီး
ပေါက်ကွဲပြောခဲ့တာ၊

ခု နာမည်ရစလူငယ်
ဘောလုံးသမားတယောက်ရဲ့
ပျှမ်းမျှတန်ဖိုးက
ပေါင်သန်း ၁၀၀ ဝန်းကျင်နဲ့
နာမည်ကြီးတယောက်ရဲ့
တန်ဖိုးပေါင်သန်း ၂၀၀ အထက်
ရှိတယ်ဆိုတာ
ဂျွန်ဂရက်ဂရီသာသိမယ်ဆိုရင်
သေနတ်ပြောင်း
ကိုယ့်ဘက်ကိုယ်လှည့်ပီးများ
ပစ်လိုက်လေမလား.?

ပရီးမီးယားလိဂ်ကို
ဗဟိုပြုပီးတိုက်ခတ်နေတဲ့
ခုငွေသုံးကြမ်းမှုမုန်တိုင်းမှာ
ဘောလုံးသမားတွေရဲ့
ပြောင်းရွှေ့ဈေးသတ်မှတ်မှုနဲ့
တန်ဖိုးတွေကို တော်ရုံလိုက်မီ
နားလည်ဖို့မလွယ်တော့ဘူးလို့
ကျွမ်းကျင်သူတွေ
ထောက်ပြထားတာရှိတယ်၊

ဥပမာ - ချယ်လ်ဆီးက
မော်ဂန်ရော်ဂျာစ်ကို
ယူရို ၁၃၆ သန်းပေးခေါ်ခဲ့တာနဲ့
မန်စီးတီးက အန်ဒါဆင်ကို
ယူရို ၁၃၅ သန်းနဲ့ပေးခဲ့တာမျိုး၊
(တကယ့်အမေးဇင်းကြီး)

အဲ့အကျိုးသက်ရောက်မှုနဲ့
ခုနောက်ဆုံးခံရမှာ လစ်ဗာပူးလ်၊
ဘာကိုလာခေါ်ယူရေးက
ပုံမှန်ဈေးနဲ့မရတော့ဘူး၊
PSG က အနည်းဆုံး
ယူရိုသန်း ၁၅၀ ကနေ
၁၇၅ သန်းကြားရမှရောင်းမယ်ဆိုတဲ့
ဆုံးဖြတ်ချက်ချထားပီးပီ၊

PSG ဘက်ကအတွေးကလည်း
ရှင်းရှင်းလေးရယ်..
အသင်းလိုက်ဆုတံဆိပ်နဲ့
တကိုယ်ရည်အောင်မြင်မှု
ထူးထူးခြားခြားရထားတာမရှိတဲ့
ရော်ဂျာစ်နဲ့ အန်ဒါဆင်တို့တောင်
ယူရို ၁၃၅ သန်းနီးပါးပေးခေါ်တယ်ဆို
သူ့တို့ကစားသမား
ဘာကိုလာက အဲ့ထပ်ပိုပီး
တန်ကြေးရှိတယ်ဆိုတာပဲ၊

ဘောလုံးသမားတွေရဲ့
ပြောင်းရွှေ့ကြေးဖောင်းပွမှုကို
တွက်မယ်ဆို -
၂၀၀၀ ဝန်းကျင်မှာ
ကမ္ဘာ့အကောင်းဆုံး
ထိပ်တန်းတိုက်စစ်မှူးတွေဖြစ်တဲ့
ဘာတစ္စတူတာနဲ့ ခရက်စပိုတို့
ပြောင်းရွှေ့ကြေးက
ယူရို ၃၅ သန်းကနေ ၄၅ သန်း
ဝန်းကျင်ပဲရှိရာကနေ
ခုခေတ်မှာ ထိပ်တန်းပလေယာ
တယောက်ရဲ့ပြောင်းရွှေ့ကြေးက
ယူရိုသန်း ၂၂၀ ကနေ ၂၅၀ ကြားထိ
ရှိလာခဲ့တယ်၊

အဆအားဖြင့် ၃.၁ ဆကျော်၊
ရာခိုင်နှုန်းအားဖြင့် ၂၁၂.၅% ထိ
ထိုးတက်သွားခဲ့တယ်၊

ဘာကြောင့်လဲ?
အကြောင်းအချက် ၅ ချက်ရှိတယ်၊

၁) ရုပ်သံမူပိုင်ခွင့်ဝင်ငွေတွေ
ဒလဟောမြင့်တက်လာခြင်း၊

ကမ္ဘာတဝှမ်းဘောလုံးပွဲပြသတဲ့
Sky Sports, DAZN,
Amazon နဲ့ Apple TV စတဲ့
ထုတ်လွှင့်သူများကြား
ပြိုင်ဆိုင်မှု ပြင်းထန်လာမှုက
ရုပ်သံလွှင့်ခမူပိုင်ခွင့်ကြေးကို
(Broadcasting Rights)
ယူရိုဘီလီယံချီမြင့်တက်စေတယ်၊

မနှစ်က EPL မှာတန်းဆင်းသွားတဲ့
ဆောက်သမ်တန်အသင်းလိုတောင်
ဝင်ငွေခွဲဝေမှုစနစ်
(Central Payments) အရ
ရုပ်သံလွှင်ခကနေ
ယူရိုသန်း ၁၃၀ နီးပါးရခဲ့တယ်၊

ဈေးကွက်သဘောအရ
ဝင်ငွေစီးကြောင်းတွေ
ရုတ်တရက်မြင့်မားလာတဲ့အခါ
ကုန်ပစ္စည်းတန်ဖိုးတွေလည်း
မြင့်တက်လာတယ်၊

၂) ဘီလျံနာနဲ့ နိုင်ငံတော်အဆင့်
ရန်ပုံငွေအဖွဲ့တွေရဲ့ငွေကြေးများ
အတိုင်းဆမရှိဝင်ရောက်လာခြင်း၊

မန်စီးတီး၊ PSG နဲ့
နယူးကာဆယ်တို့ကို
အရှေ့အလယ်ပိုင်းရှိ
နိုင်ငံတော်အဆင့်ရန်ပုံငွေအဖွဲ့တွေ
ဝယ်ယူခဲ့သလို
ချယ်လ်ဆီး မန်ယူ
အင်တာမီလန်တို့ကိုတော့
ဘီလျံနာတွေဝယ်ယူခဲ့ပီး
ငွေကြေးထိုးသွင်းမှု
(Cash injection) ကို
အပြိုင်အဆိုင်နဲ့ အကြီးအကျယ်
လုပ်ခဲ့ကြတယ်၊

သူတို့ရဲ့ ထုထည်ကြီးမားပီး
အကန့်အသတ်မဲ့ ရင်းနှီးသုံးစွဲမှု
(Sugar Daddy Effect)က
ဈေးကွက်ကိုဖောင်းပွစေတယ်၊

၃) နေမာအပြောင်းအရွှေ့
သက်ရောက်မှု၊

၂၀၁၇ မှာ PSG က
ဘာစီလိုနာမှာရှိတဲ့ နေမာကို
စာချုပ်ဖျက်သိမ်းကြေး
ယူရို ၂၂၂ သန်းပေးခေါ်ခဲ့မှုက
အပြောင်းအရွှေ့ဈေးကွက်ရဲ့
တန်ဖိုးနဲ့သတ်မှတ်မှုပေါ်
တဆစ်ချိုးပြောင်းလဲသွားစေတယ်၊

အဲ့နောက်ပိုင်း
ကစားသမားကောင်းတယောက်
တန်ဖိုးအနိမ့်ဆုံး ယူရိုသန်း ၁၀၀ ကျော်
ဖြစ်ရမယ်ဆိုတဲ့ အယူအဆ
ခိုင်မာအားကောင်းလာခဲ့တယ်၊

၄) ကစားသမားအေးဂျင့်တွေရဲ့
ရာခိုင်နှုန်းအလိုရမ္မက်ဆိုးကျိုး၊

ဒါက ရှင်းတယ်၊
ထိပ်တန်းကစားသမားတွေရဲ့
အေးဂျင့်တွေပြောင်းရွှေ့ကြေးကနေ
ရမယ့် ရာခိုင်နှုန်း(Commission)
ပိုရဖို့ ကစားသမားရဲ့တန်ဖိုးကို
ရှိရင်းစွဲထက် ပိုများအောင်စွဲတင်
ထားတာ၊

ဥပမာ - နောက်ပိုင်းခေတ်စားလာတဲ့
စာချုပ်ဖျက်ကြေး ယူရိုသန်း ၅၀၀
(သို့) ယူရို ၁ ဘီလျံပေးရမယ်ဆိုတဲ့
စိတ်ကူးယဉ်ဆန်ဆန်တန်ဖိုးတွေနဲ့
အဆမတန်မြှင့်လာကြတာက
ဖောင်းပွဖို့ဖြစ်လာခဲ့တယ်၊

၅) ကမ္ဘာလုံးဆိုင်ရာအမှတ်တံဆိပ်
စပွန်ဆာနဲ့ အဖက်ဖက်လာသော
စီးပွားရေးဝင်ငွေတိုးပွားလာခြင်း၊

ခုခေတ်မှာ ဘောလုံးသမားတွေက
ဘောလုံးကစားတာသက်သက်
မဟုတ်ဘဲ သန်းဆယ်နဲ့ရာနဲ့ချီတဲ့
Follower တွေနဲ့ တကမ္ဘာလုံးဆိုင်ရာ
ကုန်ပစ္စည်းအမှတ်တံဆိပ်
(Brands) တွေလို ဖြစ်လာတယ်၊

အဲ့ကနေတဆင့်
- ကွင်းဝင်လက်မှတ်
- ဂျာစီနဲ့အမှတ်တရပစ္စည်းရောင်းချမှု
- ကြော်ငြာနဲ့ စပွန်ဆာအမျိုးမျိုးကနေ
ရလာတဲ့ အကျိုးအမြတ်ဝင်ငွေ
(Commercial Revenue) ကနေ
ကစားသမားတွေက သူတို့
ပြောင်းရွှေ့ကြေးနဲ့ လစာကို
သူတို့ဘာသာပြန်ပေးနိုင်လောက်တဲ့အထိ
စီးပွားရေးဝင်ငွေရှိလာတာက
သုံးစွဲကြေးကို နောက်မတွန့်စေဖို့
ဖြစ်လာတယ်၊

အဲ့မှာ နောက်ဆုံးတခုက
အဲ့ ၅) ချက်ကြောင့်
ကစားသမားတွေရဲ့
ပြောင်းရွှေ့ကြေးက
လက်မတွန့်ကြေးဖြစ်လာချိန်မှာ
တကယ်ရှိတဲ့ဈေးကွက်တွင်း
ကမ္ဘာ့အဆင့်မီထိပ်တန်း(Elite)
ကစားသမားအရေအတွက်က
အလွန်နည်းပါးပီး
ဝယ်လိုအားပဲတိုးလာတာကြောင့်
(High Demand, Low Supply)နဲ့
ဈေးကွက်က ထိန်းမရနိုင်
ပိုဖြစ်လာခဲ့တယ်၊

ကျွမ်းကျင်သူတွေကတော့
လက်ရှိအပြောင်းအရွှေ့ဈေးကွက်
တန်ဖိုးသတ်မှတ်မှုဆိုင်ရာ
ရည်ညွှန်းမှုက အရင်လို
ကစားသမားတယောက်သက်သေပြခဲ့တဲ့
အောင်မြင်မှု(ဆုတံဆိပ်)နဲ့
စွမ်းဆောင်ရည်တွေထက်
စီးပွားရေးအရဖြစ်နိုင်ချေနဲ့
ခြေစွမ်းအလားအလာရှိ မရှိပေါ်ပဲ
တွက်ချက်အဖြေရှာကြတယ်လို့
ဆိုတယ်၊

ခေတ်သစ်ဘောလုံးနဲ့
ကစားသမားတွေရဲ့ဖောင်းပွလာသော
ပြောင်းရွှေ့ကြေးတန်ဖိုးများ.??

ဘောလုံးပွဲတွေမှာ လူတွေ ငွေတွေ
ပိုပိုများလာပေမယ့်
ဆွဲဆောင်မှုနဲ့ တိမ်းညွှတ်မှုအရ
ပိုပိုနည်းနည်းသွားပီး
ဘောလုံးက စီးပွားရေးသက်သက်
(Just Business)ဖြစ်သွားခဲ့ပီလား?

ခင်ဗျားတို့ အမြင်လည်း
ကြားချင်ပါတယ်၊


21/07/2026

မနေ့ည စပိန်နိုင်ပွဲက
တကယ်တမ်း
ဘောလုံးနည်းစနစ်နဲ့
နည်းဗျူဟာ နိုင်ပွဲပဲ၊

ဘောလုံးက
ခြေထောက်(အင်အား)နဲ့
စိတ်(ခွန်အား)တို့နဲ့
ကန်တာမဟုတ်ဘဲ
ခေါင်း(ဉာဏ်)နဲ့ ကန်တယ်ဆိုတာ
ပြသွားတာ၊

စပိန်က
(ဖိုင်နယ်ပွဲကရေတွက်ရင်)
ပီးခဲ့တဲ့ ၆ ရက်တွင်း
အင်အားကြီး ပြင်သစ် အာဂျင်တီးနား
၂ သင်းလုံး ဖြုတ်ခဲ့တာ၊

ပြင်သစ်လို
နည်းစနစ်ပိုင်းအထူးကျွမ်းကျင်ပီး
လူအင်အားပိုတောင့်တဲ့
အသင်းကိုကျ ပိုသေသပ်
ပိုလွှမ်းမိုး ပိုကောင်းအောင်
ကစားပြပီးနိုင်တာ၊

အာဂျင်တီးနားကျတော့
မက်ဆီဉီးဆောင်မှု
ကိုယ်ရည်ကိုယ်သွေး
စွမ်းဆောင်ရည်နဲ့အတူ
အာဂျင်တိုင်းတွေရဲ့
နောက်ဆုံးချိန်ထိ
အရှုံးမပေးဘဲ ခိုင်ကျည်တဲ့
အသင်းစိတ်အင်အား
တစုတဝေးကြီးကို
ပွဲအစအဆုံး စနစ်တကျ
ထိန်းချုပ်ပြပီး နိုင်တာ၊

ပြင်သစ်ပွဲက
ရုပ်ပိုင်းဆိုင်ရာပိုအားကောင်းတဲ့
ပြိုင်ဖက်ကို
နည်းစနစ် နည်းဗျူဟာနဲ့
လွှမ်းမိုးအနိုင်ယူတဲ့ပွဲဖြစ်ပီး

အာဂျင်တီးနားပွဲက
စိတ်ပိုင်းဆိုင်ရာပိုအားကောင်းတဲ့
ပြိုင်ဖက်ကို
နည်းစနစ် နည်းဗျူဟာနဲ့
ချုပ်ကိုင်အနိုင်ယူတဲ့ပွဲဖြစ်တယ်၊

စပိန်ဘာလို့ ဒီလောက်ကောင်းလဲ?
နည်းပြပေါ့၊
ဒယ်လာဖွံ့တေးကြောင့်ပေါ့၊

သူ့အခြေခံကစားကွက်က
စပိန်လို Juego de Posición လို့
ခေါ်တယ်၊ ထက်မြက်လှတဲ့
နေရာယူကစားခြင်းအတတ်ပညာ
Positional Play ပေါ့၊

ပီးတော့ သူက
ဘောလုံးကိုကွေ့ပတ်ပေးရတဲ့
စပိန်ရိုးရာ (Tiki-Taka)
ကစားကွက်ကို ပိုမိုမြန်ဆန်ပီး
ပိုမိုထက်မြက်တဲ့
တိုက်ရိုက်ဒေါင်လိုက်တိုက်စစ်ဆင်ခြင်း
(Direct Verticality) ဖြစ်
ရဲရဲဝံ့ဝံ့ပြောင်းလဲလိုက်တယ်၊

သူ့ကစားကွက်မှာ
9 Role စစ်စစ်မလိုဘူး၊
ဘာကြောင့်လဲ?
ရှင်းပြမယ်၊

သူ့ကစားကွက်နည်းဗျူဟာမှာ
'Width and Overloads' က
အဓိက အသက်သွေးကြောပဲ၊

'Width and Overloads'
ဆိုတာ -
(Width) တောင်ပံနေရာကျယ်ကို
(Overloads) လူအင်အားအရ
အသာစီးယူပီးအသုံးချတဲ့
နည်းဗျူဟာပါ၊

နည်းနည်းရှင်းပြရရင် -
တိုက်စစ်တောင်ပံသမားတွေကို
ကွင်းဘေးစည်းနားပဲ ရပ်ခိုင်းပီး
ဘောလုံးတောင်းခိုင်းတယ်၊
ဒါက ပြိုင်ဘက်ခံစစ်တန်းလူတွေကို
ဘေးထိပြန့်ကားထွက်လာရေး
တွန်းအားပေးဖို့ရည်ရွယ်တယ်၊

(ဥပမာ - ယာမားလ်ကို
ကွင်းလယ် (သို့)
Final Third တိုက်စစ်ဂိုးဧရိယာ
အတွင်းထိဝင်ပီး
ဘောလုံးမတောင်းခိုင်းဘဲ
ညာတောင်ပံကွင်းဘေးနားမှာပဲ
ရပ်တောင်းခိုင်းတာမျိုး)

ပီးရင် ကွင်းလယ်အတွက်
ကစားသမားအရေအတွက်ကို
ပြိုင်ဘက်ထက် ပိုများအောင်
စုပြုံထည့်တယ်၊

ကစားတဲ့အခါကျ -
နေရာလွတ်ဖော်ဖို့နဲ့
တိုက်စစ်လမ်းကြောင်းရှာဖို့
လူအင်အားအရပိုထည့်ထားတဲ့
ကွင်းလယ်လူတွေက
တောင်ပံတိုက်စစ်/ခံစစ်သမားတွေနဲ့
တြိဂံပုံစံချိတ်ဆက်ပီး
(2v1) သို့မဟုတ် (3v2)နဲ့
ပြိုင်ဖက်ကို လူအင်အားအရ
အသာစီးယူဖိအားပေးတယ်၊

ဒါကြောင့် သူ့ကစားကွက်မှာ
တိုက်စစ်မှူးစစ်စစ်မလိုဘူး၊

(ပီးခဲ့တဲ့ကမ္ဘာ့ဖလားမှာ
စပိန်အတွက် ၅ ဂိုးနဲ့
ဂိုးအများဆုံးသွင်းခဲ့တဲ့
အိုယာဇာဘာလ်က
နဂိုကတည်းက ကစားပုံအရ
9 Role Or Target Man
မဟုတ်ဘူး၊
ဖွံ့တေးရဲ့နည်းဗျူဟာမှာလည်း
သူက Wide Playmaker
ဒါမှမဟုတ် False 9 ပဲ၊
သူ့ကစားပုံက အစ်ရှ်ကို (သို့)
ဘာနာတိုဆေးလ်ဗားတို့နဲ့တူတယ်၊
ခွန်အားနဲ့ အရှိန်အဟုန်ကိုသုံးပီး
ကစားတတ်တဲ့ပလေယာမျိုးမဟုတ်ဘဲ
ဘောလုံးကို ထိန်းနိုင်စွမ်းရည်
ဉာဏ်ရည် အမြင်နဲ့
ဂိမ်းဖတ်အားစွမ်းအားပေါ်မူတည်ပီး
ကစားတတ်တဲ့သူဖြစ်တယ်၊
အလွန်ပါးနပ်ပီး
နည်းစနစ်ပိုင်းအလွန်အဆင့်မြင့်တဲ့
High-IQ Player လို့
ကျွမ်းကျင်သူတွေက
သတ်မှတ်ထားကြတယ်၊
နောက်ထပ် သူ့ရဲ့အကြီးမားဆုံး
အားသာချက်က
ပွဲကြီးဖိအားခံနိုင်တာဖြစ်ပီး
အရေးပါတဲ့ အဆုံးဖြတ်ဂိုးတွေကို
သွေးအေးအေးနဲ့သွင်းနိုင်တဲ့သူ
(Clinical Finisher) လည်း
ဖြစ်တယ်)

ဖွံ့တေးရဲ့ အဲ့ကစားကွက်က
ဘောလုံးခြေထောက်ထဲရှိတဲ့
တိုက်စစ်ဆင်ချိန်မှာပဲ
အလုပ်ဖြစ်တာမဟုတ်ဘဲ
ဘောလုံးဆုံးရှုံးသွားပီဆိုတာနဲ့
ခုန လူအင်အားအရ
အသာစီးယူထားတဲ့
(ဇုံတခုထဲက) ကစားသမား
၃ ဉီးလောက်က ချက်ချင်းဆိုသလို
ဝိုင်းဝန်းပိတ်ဆို့ပီး
ပြိုင်ဖက်ဘောလုံးလမ်းကြောင်း
မရှာနိုင်ခင်မှာပဲ
(Counter-Pressing) ကို
စက္ကန့်ပိုင်းတွင်း ထိရောက်အောင်
ပြန်လုပ်ယူနိုင်တယ်၊

(အာဂျင်တီးနားနဲ့ပွဲမှာဆို
အချက်အလက်မှတ်တမ်းအရ
အာဂျင်တိုင်းကစားသမားတွေ
တန်ပြန်တိုက်စစ်စဖို့
ဘောလုံးပေးပို့မှု ၅ ကြိမ်
သို့မဟုတ် ၆ ကြိမ်မရောက်ခင်မှာပဲ
စပိန်ရဲ့ Counter-Pressing နဲ့
ဘောလုံးပြန်ဆုံးရှုံးသွားတယ်လို့
သိရတယ်)

'Width and Overloads'
နည်းဗျူဟာနဲ့
တိုက်စစ်ဆင်တဲ့အခါမှာလည်း
ဘောလုံးကို
အရင်စပိန်အသင်းတွေလို
ဘေးတိုက်ဘောလုံးထိချက်ပေါင်းများစွာ
စိတ်ရှည်လက်ရှည်ပေးပီး
ပြိုင်ဖက်အားနည်းချက်
စောင့်နေ(ရှာနေ)တာမျိုးမဟုတ်ဘဲ
တဉီးချင်းဖြတ်ကျော်စွမ်းရည်မြင့်တဲ့
ယာမားလ် ဝီလျံစ်တို့ရဲ့
ပါဝါနဲ့ လျင်မြန်မှုကို
ပြည့်ပြည့်ဝဝအသုံးပြုဖို့ သူ့တို့ဆီကို
တိုက်ရိုက်ဒေါင်လိုက်ပေးပို့မှု
(Vertical Passes) တွေ
အများအပြားပို့ပီး အသုံးပြုခဲ့တယ်၊

(ဥပမာ အာဂျင်တီးနားနဲဗိုလ်လုပွဲ
အချိန်ပို ၁၀၅ မိနစ်မှာရတဲ့ဂိုး၊
ဝီလျံစ်ပြေးလမ်းကြောင်းထဲ
ဒေါင်လိုက်ဖြတ်တင်ဘော
ပေးရာကနေ တောရက်စ်ပိတ်ပီး
ဂိုးရခဲ့တယ်၊

ပြင်သစ်နဲ့ပွဲမှာလည်း
ပြင်သစ်နောက်ခံလူတွေ
အဆင်သင့်မဖြစ်သေးမီ
တန်ပြန်တိုက်စစ်ဆင်ချိန်မှာ
ဘောလုံးထိချက် ၃ ကြိမ်ထက်မပိုဘဲ
ဘယ်/ညာတောင်ပံမှာရှိတဲ့
ကစားသမားတွေဆီ
အမြန်ဒေါင်လိုက်ဖြတ်ဘောတွေ
ခင်းပီး ထိုးဖောက်ခဲ့တယ်)

ဖွံ့တေး နည်းစနစ်နဲ့
နည်းဗျူဟာအကြောင်းပြောရင်
မမေ့မလျော့ထပ်ပြောရမှာက
ရိုဒရီပဲ၊

Golden Ball ကမ္ဘာ့ဖလားနဲ့
ရိုဒရီကိစ္စမှာလည်း
တခါတလေဘောလုံးမှာ
အမြင်နဲ့ ဖျော်ဖြေရေးစွမ်းရည်ထက်
နည်းပြရဲ့ နည်းဗျူဟာနဲ့
လမ်းညွှန်ချက်ကို
ကွင်းထဲအတိအကျ
အကောင်အထည်ဖော်ပီး
နည်းစနစ်ပိုင်းဆိုင်ရာ
အလွန်အဖိုးတန်တဲ့(Tactical Asset)
ကစားသမားတွေကို
ပိုလေးစား ပိုတန်ဖိုးထားဖို့လည်း
လိုတယ်၊

ရိုဒရီက
စပိန်အတွက်/ ဖွံ့တေးအတွက်
နည်းစနစ်ပိုင်းအရ
အပြည့်စုံဆုံးနှင့် အသုံးအဝင်ဆုံး
'Metronome' ပဲ၊

သူ့ကိုဗဟိုပြုတဲ့ စပိန်ရဲ့
ကြိုပြင်ခံစစ်(Rest Defense)က
ဖိုင်နယ်မှာ မက်ဆီဉီးဆောင်တဲ့
အာဂျင်တိုင်းတိုက်စစ်ကို
အရှက်တကွဲဖြစ်စေခဲ့တယ်၊

ဖွံ့တေးရဲ့ Rest Defense အရ
စပိန်အသင်းတိုက်စစ်ဆင်ချိန်မှာ
ရိုဒရီရဲ့နေရာယူမှု(Positioning)က
ကွင်းလယ်စည်းနဲ့အာဂျင်တီးနား
ခံစစ်ကြောင်းကြားနေရာမှာရှိတယ်၊
သူက အဲ့နေရာမှာ
သင်္ဘောကျောက်ဆူးတခုလို
တည်ငြိမ်မှုအပြည့်နဲ့ရပ်နေတယ်၊
သူနောက်မှာ
နောက်ခံလူ ၂ ယောက်ရှိတယ်၊
2+1 Base တြိဂံပုံစံနဲ့
အာဂျင်တိုင်းရဲ့တန်ပြန်တိုက်စစ်
ထွက်ပေါက်လမ်းကြောင်းတွေကို
ကြိုပိတ်ဆို့ထားတယ်၊

အဲ့နေရာမှာ သူ့ကတာဝန် ၃ ခု
ထမ်းဆောင်တယ်၊

၁) အာဂျင်တီးနားတန်ပြန်တိုက်စစ်
လမ်းကြောင်းကိုဖြတ်တောက်တာ၊
အဲ့မှာသူ့ရဲ့ မြင့်မားတဲ့ပွဲဖတ်နိုင်စွမ်း
(Game Reading)ကို အသုံးချတယ်၊
ဘောလုံးဘယ်လမ်းကြောင်းက
ထွက်လာမလဲ? တွက်ဆပီး
လေထဲကဖြစ်ဖြစ် မြေပြင်ကဖြစ်ဖြစ်
ကြိုဖြတ်တောက်တားဆီးတယ်၊

၂) ဗျူဟာမြောက်ပြစ်ဒဏ်နဲ့
ပွဲကို တုန့်ဆိုင်းစေတာ၊
ဒါက အာဂျင်တီးနားတန်ပြန်
တိုက်စစ်ကနေ တလုံးတလေလွတ်ပီး
အန္တရာယ်ရှိတယ်လို့မြင်လိုက်တာနဲ့
ဘောလုံးမထွက်ဖို့ ဆွဲလှဲတာ
(ဒါမှမဟုတ်) ခပ်ကြမ်းကြမ်း
ဖြတ်ထုတ်မှုတွေလုပ်ပီး
စပိန်ခံစစ်သမားတွေနေရာပြန်ယူနိုင်ဖို့
အချိန်ဆွဲပေးတယ်၊

၃) Progressive Passes တွေနဲ့
တိုက်စစ်ပံ့ပိုးပေးတာ၊
ကွင်းလယ်မှာဘောလုံးလုပီးပီဆိုတာနဲ့
ပြိုင်ဘက်ခံစစ်ကြောင်းတွေကျော်ဖြတ်ပီး
စပိန်အသင်းတိုက်စစ်ဆီ
တိုက်ရိုက်ရောက်မယ့် Passes တွေ
ဖန်တီးပေးတယ်၊
အာဂျင်တီးနားနဲ့တပွဲတည်းမှာပဲ
တိုက်စစ်ဆီတိုက်ရိုက်ရောက်တဲ့
Progressive Passes ပေါင်း
၁၅ လုံးထိပေးပီး ပွဲကိုချုပ်ကိုင်နိုင်
ခဲ့တယ်၊

ဖွံ့တေးက မက်အလစ္စတာ
အန်ဇိုတို့စွမ်းရည်နဲ့
အကောင်းဆုံးနဲ့ အထိရောက်ဆုံးဖြစ်တဲ့
အာဂျင်တီးနားတန်ပြန်တိုက်စစ်
လမ်းကြောင်းနဲ့ထွက်ပေါက်တွေကို
ရိုဒရီအားနဲ့ ရိုက်ချိုးခဲ့တဲ့အတွက်
မက်ဆီဆို ပထမပိုင်း ၁၅ မိနစ်ထိ
ဘောလုံးတကြိမ်ပဲထိခဲ့သလို
တပွဲလုံးမျှော်လင့်ရဂိုး xG
၀.၀၀ ဂိုးပဲရတဲ့အထိ ရုပ်ပျက်ခဲ့တယ်၊

ရိုဒရီနဲ့ Golden Ball ?
တခါတလေ ကိန်းဂဏန်းအချက်လက်နဲ့
ဆွဲဆောင်နိုင်မှုတွေထက်
နည်းပြရဲ့ လိုအပ်ချက်နဲ့လမ်းညွှန်ချက်ကို
ကွင်းထဲနည်းဗျူဟာမြောက်
အတိအကျပုံဖော်ပေးနိုင်တဲ့
ကစားသမားတွေကို မြင်ဖို့
တန်ဖိုးထားဖို့ လိုမယ်ထင်တယ်၊

မနေ့ည စပိန်နိုင်ပွဲ?

ဘောလုံးမှာ ရုပ်ပိုင်း စိတ်ပိုင်းထက်
ခေါင်းအရေးကြီးကြောင်းပြနိုင်ခဲ့တဲ့
ပွဲပါပဲ၊


14/07/2026

ကမ္ဘာ့ဖလား
၄ သင်းကျန် ဆီမီးနဲ့
ဘယ်သူဗိုလ်စွဲမလဲ?

ထွက်လာတဲ့ အချက်အလက်
တော်တော်များများနဲ့
နာမည်ကျော်သုံးသပ်သူတွေ
အကုန်လုံးနီးပါးက
'ပြင်သစ်နှစ်' ပါတဲ့၊

ဒေတာဆရာကြီး
Opta Analyst စူပါကွန်ပြူတာရဲ့
ပုံတူဖန်တီးစမ်းသပ်ပေါင်း
၁၀,၀၀၀ ကျော်ပြုလုပ်ပီး
ထုတ်ထားတဲ့ အဖြေက ?
၄ သင်း ဗိုလ်စွဲနိုင်ချေမှာ..
- ပြင်သစ် ၃၄.၀၅%
- စပိန် ၂၃.၄၅%
- အင်္ဂလန် ၂၁.၉၄%
- အာဂျင်တီးနား ၂၀.၅%

ဆီမီး ၂ ပွဲမှာ တပွဲချင်းအရ
တွက်ချက်မှုအရဆို..?

ပြင်သစ် - စပိန်တွေ့ဆုံမှုမှာ
- ပြင်သစ်နိုင်ခြေ ၅၇.၇၀%
- စပိန်နိုင်ခြေ ၄၂.၃၀%

ဘာလို့ ပြင်သစ်လဲ?
- ကွာတားမှာ မော်ရိုကို,ကို
၂-၀ နဲ့ သက်သောင့်သက်သာနိုင်တာ၊
- လူစာရင်း ရင်းမြစ်နဲ့စွမ်းအား
အင်ပြည့်အားပြည့်ရှိတာ၊
- မက်ဆီနဲ့အတူ ၈ ဂိုးသွင်းပီး
ပြိုင်ပွဲရဲ့ဂိုးအများဆုံးသွင်းသူ
ဘာပေးကိုရပ်တန့်ဖို့မလွယ်တာ၊
- အိုလီဆေး၊ ဘာကိုလာ
ဒမ်ဘလီတို့နဲ့ အတောင့်တင်းဆုံး
တိုက်စစ်လူစာရင်း
ပိုင်ဆိုင်ထားတာ မို့ပါတဲ့၊

စပိန်ဘာဖြစ်မလဲ?
- ဆွစ်လိုအသင်းကို ၂-၁ နဲ့နိုင်ဖို့
အချိန်ပိုနောက်ကျဂိုးနဲ့
ခက်ခဲစွာကျော်ခဲ့ရတာ၊
- ဘောလုံးပိုင်ဆိုင်မှုအခြေပြု
ကစားကွက်နဲ့ ကွင်းလယ်ပိုင်း
စိုးမိုးမှုအားကောင်းပေမယ့်
တိုက်စစ်မှာ ဂိုးသွင်းဖို့လူမရှိဘဲ
ယာမားလ်တယောက်ပဲ
အဆင့်မီရှိတာမို့လို့ပါတဲ့၊

အင်္ဂလန် - အာဂျင်တီးနားပွဲမှာ
- အင်္ဂလန်နိုင်ခြေ ၅၀.၉၄%
- အာဂျင်တီးနား နိုင်ခြေ ၄၉.၀၆%

ဘာလို့ အင်္ဂလန်လဲ?
- ကစားပုံနဲ့ခြေစွမ်းမတင်မကျနဲ့
စွဲမက်ဖွယ်မရှိပေမယ့်
ဂျုဒ်+ကိန်းအတွဲ
ကြံ့ခိုင်မှုအပြည့်နဲ့
အန္တရာယ်ပေးနိုင်ခြေမြင့်တာ၊
- ကွင်းလယ်နဲ့နောက်တန်း
ကစားပုံပိုကောင်းတာ၊
- Match-winner ကစားသမား
ပိုများပီး စိတ်ပိုင်းစွမ်းရည်
ပိုပြင်းပြနေတာ တို့ကြောင့်ပါတဲ့၊

အာဂျင်တီးနားဘာလို့မဖြစ်နိုင်လဲ?
- ကိတ်ဗာဒီ၊ အီဂျစ်၊
ဆွစ်ဇာလန်တို့နဲ့ ၃ ပွဲလုံး
အချိန်ပိုကစားခဲ့ရလို့
တသင်းလုံး ကြံ့ခိုင်မှုပိုင်း
ပင်ပန်းနွမ်းနယ်နေတာ
- လောက်တာရိုနဲ့ စပိုက်ဒါတို့က
ဒီကမ္ဘာ့ဖလားမှာ
ကွင်းထဲရှိမှန်းမသိတဲ့ခြေစွမ်းနဲ့
ဂိုးသွင်းဖို့ မက်ဆီရဲ့မှော်ဆန်မှုကိုပဲ
အားကိုးနေရတာ၊
- ကိတ်ဗာဒီ၊ အီဂျစ်၊
ဆွစ်ဇာလန် ၃ သင်းလုံးကို
ဂိုးပြန်ပေးခဲ့ရပီး ဒီတကြိမ်
နောက်တန်းနဲ့ ဂိုးသမား
အတော်လေးအားနည်းနေတာ
ကြောင့်ပါတဲ့၊

နာမည်ကျော်ဘောလုံးသမားတွေနဲ့
ကျွမ်းကျင်သူတွေရဲ့
ဆီမီး ၂ ပွဲခန့်မှန်းမှုမှာတော့.?

[ပြင်သစ် - စပိန်ပွဲအတွက်]

အလန်ရှေးယားသုံးသပ်ချက်၊
'ပွဲဖြတ်နိုင်တဲ့ တိုက်စစ်ရဲ့
Fire power ကြောင့်
စပိန်က ပွဲကိုထိန်းချုပ်နိုင်ရင်တောင်
ဘာပေတို့တိုက်စစ်ကို
ထိန်းဖို့ခက်လိမ့်မယ်'

BBC ရဲ့
ခရစ်ဆတ်တန်သုံးသပ်ချက်၊
'ဒီပွဲက ဗိုလ်လုပွဲဖြစ်သင့်ပီး
စပိန်က ကစားကွက်ပိုငြိမ်ပေမယ့်
အသင်းကြီးပေါ်တူဂဲလ်
ဘယ်လ်ဂျီယံတို့လိုအသင်းနဲ့
တွေ့တဲ့ပွဲမှာ ပွဲပြတ်အောင်
မဖြတ်နိုင်တဲ့ အားနည်းချက်က
ပြင်သစ်နဲ့ပွဲ ဒုက္ခဆက်ပေးမယ်၊
ပြင်သစ်ပဲဖိုင်နယ်တက်မယ်'

ဂယ်ရီလိုင်နီကာသုံးသပ်ချက်၊
'စပိန်က ဒီပြိုင်ပွဲမှာ
ဘောလုံးကစားပုံ အလှဆုံးနဲ့
ပွဲကို အကောင်းဆုံး
ထိန်းချုပ်နိုင်တဲ့အသင်းဖြစ်ပီး
ယာမားလ်စွမ်းဆောင်ရည်က
စပိန်ကိုဗိုလ်လုပွဲဆီ
ပို့ဆောင်ပေးလိမ့်မယ်လို့
ယုံကြည်တယ်'

[အင်္ဂလန် - အာဂျင်တီးနားပွဲအတွက်]

ရီယိုဖာဒီနန်သုံးသပ်ချက်၊
'အာဂျင်တီးနားက
ကွာတားအထိ ပွဲတိုင်းလိုလို
အချိန်ပို ၁၂၀ မိနစ်ထိ
ကစားလာရလို့
လူတွေအတော်ပြိုင်းနေပီ၊
ဒါက အင်္ဂလန်အတွက်
ရွှေအခွင့်အရေးပဲ'

BBC ရဲ့
ခရစ်ဆတ်တန်သုံးသပ်ချက်၊
'အင်္ဂလန်က အကောင်းဆုံးပုံစံ
မပြနိုင်သေးပေမယ့်
ပွဲဖြတ်နိုင်တဲ့ Big Moments
(ကြယ်ပွင့်ကစားသမားတွေရဲ့
စွမ်းဆောင်ရည်) တွေနဲ့တက်လာတာ၊
ဂျူဒ်နဲ့ ကိန်းတို့
လက်ရှိ Form က မယုံနိုင်စရာပဲ၊
သူတို့အားနဲ့ပဲ
အင်္ဂလန်က အာဂျင်တီးနားကို
ကျော်ဖြတ်နိုင်စွမ်းရှိတယ်'

ရွိုင်ကီးန်သုံးသပ်ချက်၊
'အင်္ဂလန်ပရိသတ်တွေကို
အမှန်တရားနဲ့
သတိပေးထားပါတယ်၊
ပွဲအစကတည်းက
အင်္ဂလန်ဖလားရဖို့
လုံးဝမမြင်ဘူးလို့ ပြောခဲ့ပီး
ခုထိလည်း အင်္ဂလန်က
အခုထိ စမ်းတဝါးဝါးနဲ့
ကံကောင်းလို့ တက်လာတာ၊
အာဂျင်တီးနားရဲ့
တိုက်ပွဲဝင်စိတ်ဓာတ်က
အင်္ဂလန်ထက်
ပိုပြင်းထန်နေတယ်'

ဒီမှာ ထူးထူးခြားခြားအနေနဲ့
CBS Sports ပင်တိုင်တင်ဆက်သူ
သီယာရီအွန်နရီက -
'ပြင်သစ်ပိုင်ဆိုင်ထားတဲ့
လူအင်အားက ကမ္ဘာ့အကောင်းဆုံး
(၁၆ ဂိုးသွင်း၊ ၂ ဂိုးပဲပေးရသေး)
ဆိုတာ ငြင်းမရပေမယ့်
မက်ဆီရဲ့နောက်ဆုံးကမ္ဘာ့ဖလား
မှော်ဆန်မှုနဲ့
အာဂျင်တီးနားအသင်းရဲ့
လူအင်အားနဲ့ ဖွဲ့စည်းပုံက
ဖိအားဒဏ်ပိုခံနိုင်ရည်ရှိလို့
မက်ဆီပဲ တတိယကြိမ်
ဖိုင်နယ်တက်ပီး ချန်ပီယံဖြစ်မယ်'
လို့ ခန့်မှန်းထားတယ်၊

ပြိုင်ပွဲမှာ စိတ်အင်အား
အပြင်းထန်ဆုံးနဲ့
အားပေးမှုအကြမ်းဆုံး
အာဂျင်တီးနားပရိသတ်တွေကလည်း
စူပါကွန်ပြူတာတွေက
သူတို့အသင်းကို
နိုင်ခြေအနည်းဆုံး (၂၀.၅%) လို့
ပေးထားပေမယ့်
၂၀၂၂ ကမ္ဘာ့ဖလားတုန်းကလည်း
စူပါကွန်ပြူတာခန့်မှန်းချက်
အားလုံးနီးပါးလွဲခဲ့တာမို့
"အချက်အလက်ထက်
နှလုံးသားနဲ့ ယုံကြည်ချက်" ကသာ
ချန်ပီယံဖြစ်စေမှာပါလို့
တုံ့ပြန်ထားကြတယ်၊

ခင်ဗျားတို့ရော..
ဆီမီး ၂ ပွဲမှာ ဘယ်သူတက်ပီး
ဖိုင်နယ်မှာ ဘယ်အသင်း
ချန်ပီယံဖြစ်မယ်လို့ ထင်လဲ?


09/07/2026

အာဂျင်တီးနားအသင်း
ပွဲကြီးတပွဲနိုင်တာ
(ဒါမှမဟုတ်)
အောင်မြင်မှုဆုတံဆိပ်ကြီး
တခုခုရတာနဲ့
'မက်ဆီ ဖီဖာသား' ဆိုတဲ့
လောဂျစ်ကြီးက
ဗုံးပေါလအောပေါ်ပေါ်လာတယ်၊

ဘာလို့လဲတော့မသိဘူး၊

တကယ်ဆို အဲ့ဒါက
စက်ပစ္စည်းကို
လက်ဖက်ပွဲထိုးတာနဲ့
ပန်းဆက်သလိုမျိုး
Without Connection ကြီး..
ဘာအဆက်အစပ်မှမရှိဘူး၊

ဒါမျိုး
အချက်အလက်မခိုင်လုံတာ
(သို့)
လုံလောက်မှုမရှိအောင်
အားနည်းတဲ့ မုသားမျိုးကို
အမှန်ထင်စေချင်လို့
ထပ်ခါတလဲသုံးတဲ့နည်းမျိုးကို
စိတ်ပညာသဘောအရ
Illusory Truth Effect လို့
ခေါ်တယ်၊

Illusory Truth Effect မှာ
အချက် ၃ ချက်ပါတယ်၊

၁) ဉီးနှောက်အလွယ်လမ်းလိုက်မှု
(Cognitive Fluency)
ဉီးနှောက်က အကြောင်းအရာတခုကို
ထပ်တလဲလဲကြားတဲ့အခါ
မှတ်မိရလွယ်ကူသွားပီး
'ဒါအမှန်တရားပဲ' လို့
အလွယ်ကောက်ချက်ချလိုက်တာ၊

၂) ရင်းနှီးကျွမ်းဝင်မှု (Familiarity)
ရင်းနှီးတဲ့ စကားလုံးနဲ့
သတင်းအချက်အလက်ပေါ်
အခြေခံတဲ့အခါ ပိုပီး
ယုံကြည်လက်ခံတတ်ကြတယ်၊
ဥပမာ - ဖီဖာလုပ်ပိုင်ခွင့်နဲ့
မက်ဆီနာမည်၊
အကြိမ်ကြိမ် ကြားလာရင်
စိတ်ထဲအမှန်လိုစွဲသွားတယ်၊

၃) ကြိမ်ဖန်များစွာ ကြားရခြင်း
(Repetition Frequency)
လေ့လာဆန်းစစ်မှုများအရ
လူတယောက်က
မှားယွင်းတဲ့အချက်အလက်တခုကို
အစပိုင်းမှာ အမှားမှန်းသိရင်တောင်
အကြိမ်ကြိမ်အဖန်ဖန် ထပ်တလဲလဲ
ကြားရ မြင်ရ ဖတ်ရဖန်များတဲ့အခါ
ဝေဖန်ပိုင်းခြားနိုင်စွမ်း လျော့သွားပီး
အမှန်လို့လက်ခံလိုက်ကြတယ်၊

ဖီဖာလုပ်ပိုင်ခွင့်အာဏာက
မက်ဆီအတွက်သီးသန့်ဆိုတာ?
တကယ်တမ်းတွေးရင်
ဘယ်လိုမှမဖြစ်နိုင်တဲ့အရာမှန်း
သိနိုင်သားပဲ၊

အီဂျစ်နည်းပြဟက်ဆန်ပြောသလို
'ဈေးကွက်တွေ
စပွန်ဆာတွေနဲ့
ပြိုင်ပွဲရဲ့တခြားသောဖက်တာတွေက
မက်ဆီကို ဆက်ရှိစေချင်လို့ပဲ
သူတို့အသင်းရှုံးဆိုတဲ့စကား..'

ဘောလုံးပွဲတပွဲနဲ့ အရှုံးကို
ဈေးကွက် ဘိဇနက်နဲ့
နာမည်ကျော်မှုခေါင်းစဉ်အောက်
ဆွဲလှည့်သွင်းပစ်လိုက်တာ..
ကြားရင်တော့ ဟုတ်သလိုလိုပဲ၊

ဒါမဲ့ စဉ်းစားကြည့်ရင်..
ပြိုင်ပွဲဝင်တဲ့ Mega Star ဆိုတာ
မက်ဆီတယောက်တည်းရှိတာမှ
မဟုတ်တာ၊

ရော်နယ်ဒို နေမာ ဘာပေး
ဟာလန်း (အာရှဖက်ဆို) ဆွန်ဟောင်မင်
အများကြီးပဲ၊

သူပြောတဲ့ စပွန်ဆာ ဈေးကွက်နဲ့
ဘိဇနက်လောဂျစ်အရဆို -
'ကမ္ဘာပေါ်မှာ ဘောလုံးပရိသတ်
၄ ဘီလျံရှိရာမှာ ၁.၃ ဘီလျံကျော်နဲ့
(ရာခိုင်နှုန်းအားဖြင့်
ကမ္ဘာ့ဘောလုံးပရိသတ်
၃၅% ကနေ ၄၀% ထိရှိတဲ့)
အာရှတိုက်အသင်းတွေနဲ့
ကစားသမားတွေကိုပဲ
ပစ်မှတ်ထား မျက်နှာပေးမှာပေါ့၊

(အဲ့လိုပေးရင်လည်း
တိုက်တတိုက်မှာနေတဲ့
လူဉီးရေ ၈၀% လောက်က
ဘောလုံးပေါ်အရူးအမူးအားပေးကြပီး
လူဦးရေအလိုက်အားပေးမှု(%)
Density မြင့်တဲ့
လက်တင်အမေရိကနဲ့
ဥရောပတိုက်ကို
စိတ်ဆိုးဒေါသထွက်စေလိမ့်မယ်)

နောက် တဉီးချင်းအရလည်း
မက်ဆီထက်စာရင်
ရော်နယ်ဒိုက တကမ္ဘာလုံး
အတိုင်းအတာနဲ့ Fanbase
ပိုတောင့် ပိုများတယ်၊
မက်ဆီကိုရှိစေချင်ရင်
ရော်နယ်ဒိုကိုလည်းပိုရှိစေချင်ပီး
ပေါ်တူဂဲလ်ပွဲတွေလည်း
မျက်နှာသာပေးမှာပဲ၊

အဲ့လိုတွက်မယ်ဆို
တဉီးချင်းကျော်ကြားမှုအရနဲ့
တိုက်ကြီးအလိုက်
ဘောလုံးပရိသတ်အားပေးမှုအရ?
မျက်နှာသာပေးမှုတွေ
ဆုံးနိုင်မှာ မဟုတ်တော့ဘူး၊

ဖီဖာဆိုတာ
'ကမ္ဘာလုံးဆိုင်ရာအဖွဲ့အစည်း'
Worldwide Organization ပါ၊
လူတဉီး (ဒါမှမဟုတ်)
အသင်းတသင်း (ဒါမှမဟုတ်)
နိုင်ငံတနိုင်ငံ (ဒါမှမဟုတ်)
တိုက်ကြီးတတိုက်ကို
မျက်နှာသားပေးဖို့မလွယ်ပါဘူး၊

ပေးလို့မရတာမျိုးမဟုတ်ပေမယ့်
ပေးရင် အကုန်သိမယ်၊
အကုန်မြင်မယ်၊
အကုန်ကန့်ကွက်မယ်၊
အကုန်အော်ကြမှာပါ၊

(ရပ်ကွက်စကားနဲ့ပြောရင်
မတထောင်သားတွေကို
အုပ်ချုပ်နေရတဲ့ သူပါ၊
တယောက်ယောက်ကို
နည်းနည်းဖြစ်ဖြစ်
မျက်နှာသာပေးလိုက်တာနဲ့
ကျန်တဲ့သူတွေအကုန်
ဆူပွက်ကန့်လန်တိုက်ကြမှာပါ)

ဒီတော့ အာဂျင်တီးနား
တခုခုထူးဆန်းတာလုပ်ပြတာနဲ့
'မက်ဆီနဲ့ ဖီဖာသားလုပ်ကွက်'
ခေါင်းစဉ်ဆွဲကပ်တာကြီးက
Without Connection နဲ့
အဓိပ္ပါယ်မဲ့လွန်းတဲ့ စွဲချက်ပါ၊

ကြည့်ရသလောက်
အဲ့စကားကို လက်သုံးစကားလို
အမြဲသုံးတဲ့သူက
၂ မျိုး ၂ စားပဲရှိပါတယ်၊

၁)က အရှုံးကိုလက်မခံဘဲ
သင်ခန်းစာမယူဘဲ
ပိုင်းခြားမဆန်းစစ်ဘဲ
တခြားခေါင်းစဉ်ပြောင်းတတ်တဲ့သူပါ၊

ပူပူနွေးနွေး ဖြစ်ထားတဲ့
အီဂျစ်အသင်းကိုပဲ
ဥပမာ - ထပ်ပေးပါမယ်၊

တကယ်ဆို
မိနစ် ၈၀ လောက်ထိ ၂-၀ ပါ၊
သူတို့ဂိုးပြတ်နဲ့နိုင်နေတာပါ၊
လက်ကျန် ၁၀ မိနစ်တွင်း
အာဂျင်တီးနားအသင်းရုန်းကစားပီး
နောက်ကျချေပဂိုးနဲ့
အနိုင်ဂိုးတွေသွင်းယူသွားတာပါ၊

သေချာတာ
အာဂျင်တီးနားသွင်းတဲ့ ၃ ဂိုးက
ဖီဖာကိုယ်တိုင်ကွင်းထဲဆင်းလာ
ပြိုင်ဖက်တွေကို
မှော်တုတ်နဲ့ဝှေ့ယမ်းပီး
ကျောက်ရုပ်လိုလုပ်၊
အာဂျင်တီးနားကို ဂိုးစည်းပေါ်
ဘောလုံးလာတည်ပေးပီး
ဆင်ပေးခဲ့တဲ့ ဂိုးတွေမဟုတ်ဘဲ
အာဂျင်တီးနားရဲ့ ၁၀ မိနစ်တွင်း
၃ ဂိုးသွင်းခဲ့တဲ့ Comeback က
နောက်ဆုံးအချိန်ထိ
အရှုံးမပေးဘဲ အစွမ်းရှိသလောက်
ပြန်တိုက်ခိုက်ခဲ့တဲ့ သူတို့ရဲ့
စိတ်ခွန်အားပြင်းထန်မှုနဲ့
တိကျပြတ်သားထက်မြက်တဲ့
ကျွမ်းကျင်မှုအရည်သွေး
(Decisive Skills) ကနေလာတဲ့
သွင်းဂိုးတွေပါ၊

နည်းပြတယောက်
အသင်းကိုလမ်းညွှန်ပေးသူ
တယောက်အနေနဲ့
ဒိုင်လူကြီးနဲ့ VAR အငြင်းပွားမှု
လုပ်ချင်ရင်တောင်
တဖက်ကနေ
ပြိုင်ဖက်ရဲ့ ရွပ်ရွပ်ချွံချွံ
တိုက်ခိုက်လိုစိတ်ကို
ချီးကျူးအတုယူပီး
ကိုယ့်အသင်းရဲ့ ပွဲပီးကာနီး
စိတ်လျော့မှုနဲ့ နောက်တန်း
အားနည်းချက်ကို ပြုပြင်ဖို့ပဲ
လုပ်ရမှာပါ၊

(တကယ်ဆို ၂ ဂိုးအနိုင်ကိုသာ
နောက်ထပ်မိနစ်နည်းနည်းလောက်
ဆက်ထိန်းထားနိုင်ရင်?
ခုလို ရုပ်ပျက်ဆင်းပျက်
ဒိုင်လူကြီး VAR နဲ့ ပင်နယ်တီ
ခေါင်းစဉ်ရှာစရာမလိုသလို
ကိုယ့်အသင်းလိုအပ်ချက်များလို့
ရှုံးသွားတာကို ပြိုင်ဖက်ကပဲ
မတရားလုပ်လို့ ရှုံးသွားသလိုမျိုး
ခေါင်းစဉ်လွှဲချစရာလည်း
လိုမယ်မထင်ပါဘူး)

ဒါကြောင့်
အရှုံးကိုလက်မခံချင်သူတွေ
(သို့မဟုတ်)
အရှုံးနဲ့ အမှားပေါ်
ဝေဖန်ပိုင်းစစ်မှုအားနည်းသူတွေဆီက
အဲ့စကားအများဆုံးကြားရပါတယ်၊

၂)က မက်ဆီ Hater တွေပါ၊
ဒါက အများကြီးပြောစရာမရှိပါဘူး၊

မက်ဆီနဲ့ပတ်သက်ပီး
- ကိုယ်ရည်ကိုယ်သွေး
- စွမ်းဆောင်ရည်
- စကေးလ်နဲ့
- ဉီးဆောင်နိုင်စွမ်း
- ဆုတံဆိပ်
- အောင်မြင်မှုနဲ့ စံချိန်
- နောက်ဆုံး မိသားစုဘဝနဲ့
ပတ်သက်ရင်ပါ
အချက်ကျကျဝေဖန်ပြောစရာ
ဖြစ်လောက်တဲ့ အမှားအယွင်းနဲ့
Weak ဖြစ်တဲ့ ဒေတာအချက်အလက်
နည်းနည်းလေးတောင်မရှိတာမို့
ခုလို အမှားကြာ အမှန်ဖြစ်တဲ့
တလွဲလောဂျစ်တွေပြောပီး
သူတို့မုန်းတီးစိတ်ကို
အာသာဖြေကြတယ်လို့ပဲမှတ်ရမှာပါ၊

နိဂုံးချုပ်ပါမယ်၊

အာဂျင်တီးနားတခုခုဆိုတာနဲ့
'မက်ဆီ ဖီဖာသား' လောဂျစ်ကြီးက
စက်ပစ္စည်းကို
လက်ဖက်ပွဲထိုးတာမျိုးနဲ့
ပန်းဆက်သလိုမျိုး
ဘာမှကို မဆိုင်တဲ့
Without Connection ပါ၊

စိတ်ပညာသဘောအရ
(Illusory Truth Effect)နည်းနဲ့
အရှုံးကိုလက်မခံချင်သူတွေနဲ့
မက်ဆီ Hater တွေကြား
တွင်တွင်သုံးရင်း
(အမှားကြာ အမှန်မဖြစ်လာတဲ့)
စွဲလမ်း 'စကားလုံး' ပါလို့
ပြောရင်း..

[စာကြွင်း - ဒီလိုရေးလို့
ဖီဖာကို စင်းလုံးချော
အမှားမရှိသူလို့ မဆိုလိုပါဘူး၊
အဖွဲ့အစည်းတိုင်း အားနည်းချက်ရော
အမှားရောရှိတတ်ပါတယ်၊
ဒါမဲ့ သူတို့အဖွဲ့အစည်းရော
သူတို့ဝန်းကျင်ရောက
Intellectual community ပါ၊
ပေါ်တင်ကြီးအမှားလုပ်တာကို
ဘာမှမလုပ်ဘဲ
အားပေးအားမြှောက်နဲ့
ထိုင်ကြည့်တတ်တဲ့အဖွဲ့အစည်းနဲ့
အဝန်းအဝိုင်းမျိုးမဟုတ်ဘဲ
အမှားဖြစ်ဖြစ်
အားနည်းချက်ဖြစ်ဖြစ်
စည်းမျဉ်းစည်းကမ်း
နည်းဥပဒေသတွေနဲ့
Check n Balance အမြဲလုပ်ပီး
ပြုပြင်ထိန်းကျောင်းသွားတဲ့
သူတွေပါ၊

နောက်တဆက်တည်း အီဂျစ်ပွဲ
ဂျူလီယန်ကျူးလွန်ခဲ့တဲ့ပြစ်ဒဏ်နဲ့
လီဆန်ဒရိုကျူးလွန်ခံရတဲ့ပြစ်ဒဏ်
တူသလိုနဲ့ မတူပါဘူး၊
အဲ့ဒါနဲ့ပတ်သက်ပီး Fox Sports က
ဘောလုံးစည်းမျဉ်းစည်းကမ်းနဲ့
ဥပဒေကြောင်းတွေသေချာသိတဲ့
ကျွမ်းကျင်သူ ဒေါက်တာမာရှနစ်ခ်ရဲ့
ပြောစကားတွေရှာကြည့်လို့
ရပါတယ်]


Want your business to be the top-listed Gym/sports Facility in Yangon?

Click here to claim your Sponsored Listing.

Location

Category

Website

Address


Yangon