16/05/2026
တချို့လူတွေက ဘောလုံးကို ကန်ကြတယ်။
တချို့လူတွေကတော့ ဘောလုံးကို ကဗျာတစ်ပုဒ်လို ရေးပြကြတယ်။
Lionel Messi ဆိုတဲ့ကောင်လေးက ဒုတိယအမျိုးအစားထဲက လူတစ်ယောက်ပါ။
၁၉၈၇ ခုနှစ်၊ ဇွန်လ ၂၄ ရက်နေ့။
Rosario မြို့လေးထဲမှာ သာမန်အလုပ်သမားမိသားစုတစ်ခုရဲ့ ကလေးတစ်ယောက် မွေးဖွားလာခဲ့တယ်။
သူ့အဖေက စက်ရုံအလုပ်သမား။
သူ့အမေက အလုပ်ကြမ်းလုပ်တဲ့ မိန်းမတစ်ယောက်။
သူတို့မိသားစုမှာ ချမ်းသာမှုမရှိဘူး။
ဒါပေမယ့် ဘောလုံးကို ချစ်တဲ့နှလုံးသားတော့ ရှိတယ်။
မက်စီက လမ်းဘေးဖုန်ထူထူတွေကြားမှာ ကြီးလာခဲ့တဲ့ ကလေးတစ်ယောက်။
အခြားကလေးတွေ အရုပ်ဆော့တဲ့အရွယ်မှာ သူက ဘောလုံးနောက်ကို ပြေးနေခဲ့တယ်။
အသက် ငါးနှစ်အရွယ်မှာတင် သူ့အဖေ လေ့ကျင့်ပေးတဲ့ လူငယ်အသင်းလေးထဲ ဝင်ကစားနေပြီ။
ဘောလုံးက သူ့အတွက် ကစားနည်းတစ်ခုမဟုတ်ဘူး။
အသက်ရှူသလို သဘာဝကျတဲ့အရာတစ်ခု ဖြစ်နေခဲ့တာ။
ဒါပေမယ့် ဘဝက သူ့ကို လွယ်လွယ်နဲ့ မပေးခဲ့ဘူး။
အသက် ၁၀ နှစ်ဝန်းကျင်မှာ မက်စီဟာ ခန္ဓာကိုယ်ကြီးထွားဟော်မုန်း ချို့တဲ့တဲ့ ရောဂါရှိနေကြောင်း သိလာရတယ်။
အခြားကလေးတွေ တဖြည်းဖြည်း အရပ်ရှည်လာချိန်မှာ သူက သေးသေးလေးပဲ ရှိနေသေးတယ်။
ဆေးကုသမှုစရိတ်ကလည်း သာမန်မိသားစုတစ်ခုအတွက် မဖြစ်နိုင်လောက်အောင် ကြီးမားခဲ့တယ်။
အိပ်မက်တွေက အဲ့ဒီနေရာမှာပဲ ပြီးသွားနိုင်ခဲ့တယ်။
ဒါပေမယ့် တစ်ခါတစ်လေ ဘဝက ထူးဆန်းတယ်။
တံခါးတစ်ချပ်ပိတ်သွားချိန်မှာ နောက်တစ်ချပ်ကို တိတ်တိတ်လေး ဖွင့်ပေးတတ်တယ်။
၂၀၀၀ ခုနှစ်မှာ FC Barcelona က သူ့ကို ခေါ်ယူဖို့ ဆုံးဖြတ်လိုက်တယ်။
ကမ္ဘာ့အကြီးဆုံးအသင်းတွေထဲက တစ်သင်းက အရပ်ပုတဲ့ ကလေးလေးတစ်ယောက်ကို ယုံကြည်ပေးလိုက်တာပဲ။
ဘာစီလိုနာက သူ့ရဲ့ ဆေးကုသမှုစရိတ်ကိုပါ တာဝန်ယူပေးခဲ့တယ်။
နေ့တိုင်းလိုလို ထိုးရတဲ့ ဆေးတွေ၊ ခက်ခဲတဲ့ဘဝအသစ်၊ မိသားစုနဲ့ဝေးတဲ့နေ့တွေကြားမှာ မက်စီဟာ အိပ်မက်ကို မလွှတ်ချခဲ့ဘူး။
စပိန်နိုင်ငံကို ရောက်လာတဲ့ မက်စီမှာ မိသားစုကို လွမ်းတယ်။
ဘာသာစကားအသစ်၊ ပတ်ဝန်းကျင်အသစ်၊ ဖိအားအသစ်။
ဒါပေမယ့် သူ့ခြေထောက်ထဲက ဘောလုံးပညာကတော့ ဘယ်နေရာရောက်ရောက် မပြောင်းသွားခဲ့ဘူး။
လူငယ်အသင်းတွေမှာ သူကစားတဲ့ပွဲတိုင်းက လူတွေကို အံ့ဩစေခဲ့တယ်။
ဘောလုံးက သူ့ခြေထောက်နားရောက်သွားရင် ကပ်နေသလို ဖြစ်နေတယ်။
တစ်ယောက်ကျော်၊ နှစ်ယောက်ကျော်၊ သုံးယောက်ကျော်…
ပရိသတ်တွေ မတ်တပ်ရပ်အော်ဟစ်ရတဲ့အထိ ဖြစ်လာခဲ့တယ်။
၂၀၀၄ ခုနှစ်မှာ အသက် ၁၇ နှစ်အရွယ်နဲ့ ပထမအသင်းအတွက် စတင်ကစားခွင့်ရခဲ့တယ်။
အဲ့ဒီညကစပြီး ဘောလုံးလောကကြီး တဖြည်းဖြည်း ပြောင်းလဲသွားတော့တာပဲ။
Ronaldinho ၊ Xavi ၊ Andrés Iniesta တို့နဲ့အတူ
မက်စီဟာ FC Barcelona ရဲ့ ရွှေခေတ်ကို ဖန်တီးခဲ့တယ်။
သူတို့က ပွဲနိုင်ဖို့တင် ကစားတာမဟုတ်ဘူး။
လှလှပပ နိုင်ဖို့ ကစားခဲ့ကြတာ။
တစ်ချက်ထိ၊ နှစ်ချက်ထိ၊ သုံးချက်ထိ…
ဘောလုံးက မြက်ခင်းပေါ်မှာ သီချင်းတစ်ပုဒ်လို စီးဆင်းနေတယ်။
အဲ့ဒီသီချင်းရဲ့ အလယ်ဗဟိုမှာ
မက်စီရှိနေခဲ့တယ်။
မက်စီက ဂိုးတွေသွင်းတယ်။
ဖန်တီးမှုတွေ လုပ်တယ်။
ဆုဖလားတွေ ဆွတ်ခူးတယ်။
ဒါပေမယ့် လူတွေ သူ့ကို ချစ်သွားတာက အနိုင်ရလို့တင် မဟုတ်ဘူး။
သူ့ကစားပုံထဲမှာ မာနနည်းတယ်။
ဒေါသနည်းတယ်။
တိတ်တိတ်ဆိတ်ဆိတ်နဲ့ ဘောလုံးကိုပဲ စကားပြောခိုင်းတယ်။
တချို့ကစားသမားတွေကို
လူတွေ လေးစားကြတယ်။
တချို့ကစားသမားတွေကို
လူတွေ ကြောက်ကြတယ်။
ဒါပေမယ့် မက်စီကိုတော့
လူတွေ ချစ်ကြတယ်။
အဲ့ဒါက သူ့ရဲ့အကြီးဆုံးအောင်မြင်မှု ဖြစ်နိုင်တယ်။
ဘာလို့လဲဆိုတော့
ဘောလုံးလောကမှာ အောင်မြင်ဖို့က ခက်တယ်။
ဒါပေမယ့်
ကမ္ဘာတစ်ဝန်းက လူတွေ နှလုံးသားနဲ့ချစ်လာအောင် လုပ်နိုင်ဖို့က ပိုခက်တယ်။
မက်စီက အဲ့ဒါကို လုပ်နိုင်ခဲ့တယ်။
သူ့ကိုကြည့်ရင်
စူပါဟီးရိုးတစ်ယောက်လို မထင်ရဘူး။
ကြွက်သားအကြီးကြီးတွေလည်း မရှိဘူး။
အော်ဟစ်ပြီး အာရုံစိုက်ခံတာမျိုးလည်း မလုပ်ဘူး။
ဒါပေမယ့်
ဘောလုံးတစ်လုံး သူ့ဆီရောက်သွားတဲ့အချိန်မှာ
ကမ္ဘာကြီးက သူ့ကို ကြည့်နေမိသွားတယ်။
သူ့ကစားပုံထဲမှာ
လှပမှုတစ်မျိုးရှိတယ်။
ကြမ်းတမ်းမှုနည်းတယ်။
မာနနည်းတယ်။
သိမ်မွေ့တယ်။
တချို့ဂိုးတွေဆို
ဂိုးတစ်ဂိုးထက် ပိုတယ်။
ပန်းချီကားတစ်ချပ်လို ဖြစ်နေတယ်။
လူတွေက
“ဘောလုံးက အားကစားတစ်ခု” လို့ ပြောကြတယ်။
ဒါပေမယ့် မက်စီက
ဘောလုံးဟာ အနုပညာတစ်ခုလည်း ဖြစ်နိုင်တယ်ဆိုတာ ပြသခဲ့တယ်။
Pep Guardiola က
“မက်စီကို ရှင်းပြဖို့ မကြိုးစားနဲ့။ ကြည့်လိုက်ရုံပဲ” လို့ ပြောဖူးတယ်။
တကယ်လည်း ဟုတ်တယ်။
တချို့အရာတွေက
စကားလုံးနဲ့ ဖော်ပြလို့မရဘူး။
ခံစားရတာပဲ ရှိတယ်။
မက်စီက အဲ့ဒီလိုလူစားမျိုး။
Cristiano Ronaldo နဲ့ ယှဉ်ပြိုင်မှုကလည်း
ဘောလုံးသမိုင်းထဲက အကြီးမားဆုံးပြိုင်ဆိုင်မှုတွေထဲက တစ်ခု ဖြစ်လာခဲ့တယ်။
လူတွေက
“ဘယ်သူပိုကောင်းလဲ” ဆိုပြီး နှစ်ပေါင်းများစွာ ငြင်းကြတယ်။
ဒါပေမယ့် အမှန်တရားတစ်ခုရှိတယ်။
ရော်နယ်ဒိုက
လူတစ်ယောက် ဘယ်လောက်ထိ ကြိုးစားနိုင်လဲဆိုတာ ပြသခဲ့တယ်။
မက်စီကတော့
လူတစ်ယောက်မှာ ပါရမီဆိုတာ ဘယ်လောက်လှပနိုင်လဲဆိုတာ ပြသခဲ့တယ်။
နှစ်ယောက်လုံးက ဘောလုံးလောကကို
မတူညီတဲ့နည်းလမ်းတွေနဲ့ ပြောင်းလဲခဲ့ကြတယ်။
နှစ်တွေကြာလာတော့ လူတွေက မက်စီကို ကစားသမားတစ်ယောက်အဖြစ်ပဲ မမြင်တော့ဘူး။
သူ့ကို မျှော်လင့်ချက်တစ်ခုလို မြင်လာကြတယ်။
ပလတ်စတစ်အိတ်ကို အင်္ကျီလိုဝတ်ပြီး “မက်စီ” လို့ ရေးထားတဲ့ ကလေးငယ်တွေရှိလာတယ်။
စစ်ဘေးကြားက ကလေးတွေ၊ ဆင်းရဲတဲ့ရပ်ကွက်ထဲက ကောင်လေးတွေ၊ အိပ်မက်ကို လက်မလျှော့ချင်တဲ့ လူငယ်တွေက သူ့ကို ကြည့်ပြီး “ငါလည်း ဖြစ်နိုင်တယ်” လို့ ယုံကြည်လာကြတယ်။
မက်စီကလည်း သူ့ဘဝကို မမေ့ခဲ့ဘူး။
ကလေးဆေးရုံတွေကို ကူညီတယ်။
ဖျားနာနေတဲ့ ကလေးတွေကို သွားတွေ့တယ်။
အခက်အခဲရှိတဲ့ မိသားစုတွေကို တိတ်တိတ်လေး ထောက်ပံ့တယ်။
သူဟာ နာမည်ကျော်ကြားလာလေလေ
လူသားဆန်မှုကို ပိုမပျောက်သွားတဲ့ လူတစ်ယောက် ဖြစ်လာခဲ့တယ်။
ဒါပေမယ့် သူ့ဘဝမှာ အနာအဆာမရှိခဲ့တာတော့ မဟုတ်ဘူး။
FIFA World Cup ဟာ သူ့အတွက် အကြီးဆုံးအိပ်မက်ဖြစ်ခဲ့ပေမယ့် နှစ်ပေါင်းများစွာ မရနိုင်ခဲ့ဘူး။
Final တွေရှုံးတယ်။
ဝေဖန်ခံရတယ်။
နိုင်ငံအသင်းကနေ အနားယူမယ်လို့တောင် ကြေညာခဲ့ဖူးတယ်။
ဒါပေမယ့် သူ ပြန်လာခဲ့တယ်။
ဘာလို့လဲဆိုတော့
တကယ်ကြီးမားတဲ့လူတွေဟာ
ရှုံးနိမ့်မှုကြောင့် ပျောက်ကွယ်မသွားဘူး။
သူတို့ဟာ
နာကျင်မှုကို သယ်ပြီး
ရှေ့ဆက်လျှောက်သွားတတ်ကြတယ်။
၂၀၂၂ ခုနှစ်၊ Qatar မှာ ကျင်းပတဲ့ ကမ္ဘာ့ဖလားပြိုင်ပွဲမှာတော့
မက်စီဟာ သူ့ဘဝတစ်လျှောက် လိုချင်ခဲ့တဲ့ အိပ်မက်ကို နောက်ဆုံးအကြိမ် လက်နဲ့ထိတွေ့နိုင်ခဲ့တယ်။
ဖလားကို ကိုင်မြှောက်ထားတဲ့အချိန်မှာ
ကမ္ဘာတစ်ဝန်းက လူသန်းပေါင်းများစွာ ဝမ်းသာခဲ့ကြတယ်။
ဘာကြောင့်လဲဆိုတော့
အဲ့ဒါဟာ ကစားသမားတစ်ယောက် အနိုင်ရသွားတာမဟုတ်ဘူး။
သေးငယ်တဲ့ ကလေးတစ်ယောက်ရဲ့ အိပ်မက်က
လက်မလျှော့ဘဲ နောက်ဆုံးထိ လျှောက်လာပြီး
ကမ္ဘာ့အမြင့်ဆုံးနေရာကို ရောက်သွားတာ ဖြစ်လို့ပါပဲ။
ဒါပေမယ့်
ကမ္ဘာ့ဖလားရသွားတဲ့နေ့ဟာ မက်စီရဲ့ဇာတ်လမ်း အဆုံးမဟုတ်ခဲ့ဘူး။
တကယ်တော့
အဲ့ဒီနေ့ကစပြီး လူတွေ သူ့ကို ပိုနားလည်လာကြတာပါ။
တစ်ချိန်တုန်းက
“အရပ်ပုလွန်းတဲ့ကလေး” လို့ အမြင်ခံခဲ့ရသူက
နောက်ဆုံးမှာ ကမ္ဘာ့ဘောလုံးသမိုင်းရဲ့ အမြင့်ဆုံးနေရာတစ်ခုကို ရောက်သွားခဲ့တယ်။
နှစ်ပေါင်းများစွာကြာပြီးတဲ့နောက်
သူ့ရဲ့ဂိုးအရေအတွက်တွေကို လူတွေ မေ့သွားနိုင်တယ်။
ဆုဖလားအရေအတွက်တွေကိုလည်း မေ့သွားနိုင်တယ်။
ဒါပေမယ့်
သူဘောလုံးကစားတဲ့အချိန်
လူတွေ ခံစားခဲ့ရတဲ့ feeling ကိုတော့
မေ့နိုင်မှာ မဟုတ်ဘူး။
ကလေးတစ်ယောက်က
တီဗီရှေ့မှာ မက်စီကိုကြည့်ပြီး
ဘောလုံးသမားဖြစ်ချင်လာတယ်။
အလုပ်ပင်ပန်းနေတဲ့ လူတစ်ယောက်က
ညသန်းခေါင်ထိ မအိပ်ဘဲ သူ့ပွဲကို ထိုင်ကြည့်တယ်။
စစ်ဘေး၊ ဆင်းရဲမှု၊ ဘဝအခက်အခဲတွေကြားက လူတွေကတောင်
သူ့ကစားပုံကိုကြည့်ပြီး
ခဏလောက်တော့ စိတ်ချမ်းသာသွားကြတယ်။
ဒါကြောင့်လည်း
မက်စီဆိုတာ
ကစားသမားတစ်ယောက်ထက် ပိုခဲ့တာ။
သူဟာ
လူတွေရဲ့ ပျော်ရွှင်မှုတစ်စိတ်တစ်ပိုင်း ဖြစ်ခဲ့တာ။
အခုချိန်မှာ
Inter Miami CF အတွက် ကစားနေတဲ့ မက်စီကို ကြည့်ရင်
အရင်လို အပြေးကြမ်းကြမ်းတွေ မမြင်ရတော့ဘူး။
ဒါပေမယ့်
ဘောလုံးတစ်လုံး သူ့ခြေထောက်နားရောက်သွားတဲ့အချိန်တိုင်း
ကမ္ဘာကြီးက ခဏတော့ ငြိမ်သွားသေးတယ်။
ဘာကြောင့်လဲဆိုတော့
လူတွေ သိနေကြတယ်။
ဘောလုံးသမိုင်းထဲက
အငြိမ်သက်ဆုံး အတောက်ပဆုံးကစားသမားတစ်ယောက်ကို
သူတို့ မျက်စိရှေ့မှာ မြင်နေရသေးတယ်ဆိုတယ့်အသိ
အဲ့ဒီအသိနဲ့တင် သူ့Fan ဖြစ်ရတာ တန်နေပါပီ