06/27/2026
လူတစ်ယောက်ဟာ ဘဝရဲ့ အောက်ခြေအဆင့်ကနေ ရုတ်တရက်ဆိုသလို ကမ္ဘာ့အချမ်းသာဆုံးစာရင်းဝင် ဖြစ်သွားခဲ့ရင် ဘာတွေဖြစ်လာမလဲ?
ဗြိတိန်နိုင်ငံမှာတော့ ၂၀၀၂ ခုနှစ်က အသက် ၁၉ နှစ် အရွယ် အမှိုက်သိမ်းလုပ်သားလေး မိုက်ကယ် ကာရိုးရဲ့ ဖြစ်ရပ်က တစ်ကမ္ဘာလုံးကို အံ့အားသင့်စေခဲ့ပါတယ်။
ပေါင် ၉.၇ သန်း (အမေရိကန်ဒေါ်လာ ၁၅ သန်းကျော်) ထီပေါက်ခဲ့တဲ့ အဲဒီနေ့ကစပြီး သူ့ဘဝဟာ ရုပ်ရှင်ဇာတ်ကားတစ်ကားထက် ပိုမိုလှုပ်ရှားစရာကောင်းသွားခဲ့ပါတယ်။
ဆုငွေရပြီးတာနဲ့ မိုက်ကယ်ဟာ ငယ်ရွယ်သူပီပီ စည်းစိမ် ချမ်းသာတွေကို ခံစားဖို့ တွန့်တိုမနေခဲ့ပါဘူး။ သူဟာ ဇိမ်ခံကားတွေဖြစ်တဲ့ Ferrari, Porsche, BMW စတဲ့ အစီးရေပေါင်းများစွာကို ဝယ်ယူခဲ့ပါတယ်။
အများစုကိုတော့ အထူးပြုလုပ်ထားတဲ့ သူ့ရဲ့ ဥယျာဉ်ထဲမှာ ဖြိုဖျက်ပြိုင်ပွဲတွေ လုပ်ရင်း ပျက်စီးသွားအောင် မောင်းနှင်ခဲ့တာပါ။
သူ့ရဲ့အိမ်ဟာ နေ့စဉ်နဲ့အမျှ ပါတီပွဲတွေ၊ မူးယစ်ဆေးဝါးနဲ့ အရက်ဝိုင်တွေ၊ စိတ်ကြိုက်ပျော်ပါးမှုတွေနဲ့ ပြည့် နှက်နေခဲ့ပါတယ်။
သူ့ရဲ့ရက်ရောလွန်းတဲ့ စိတ်ဓာတ်ကြောင့် သူငယ်ချင်းမိတ်ဆွေတွေနဲ့ ဆွေမျိုးတွေကိုလည်း ငွေကြေးတွေ အမြောက်အမြား ဝေငှပေးခဲ့ပါတယ်။
ဒါပေမယ့် သူ့ရဲ့ ဇိမ်ခံဘဝဟာ ကြာရှည်မခံခဲ့ပါဘူး။ ၂၀၁၀ ခုနှစ်မှာတော့ သူရထားတဲ့ ငွေအားလုံးဟာ လေထဲမှာ ပျံ့လွင့်သွားသလို ကုန်ဆုံးသွားခဲ့ပြီး ဒေဝါလီခံရတဲ့အထိ ဖြစ်သွားခဲ့ပါတယ်။
ဘဝရဲ့ အထွတ်အထိပ်မှာ နေခဲ့ဖူးသူတစ်ယောက်ဟာ တစ်ဖန်ပြန်ပြီး အမှိုက်သိမ်းသမားအဖြစ်၊ ထို့နောက် အသားစက်ရုံမှာ အလုပ်သမားအဖြစ် ပြန်လည်လုပ်ကိုင်ခဲ့ရပါတယ်။
လူအများစုကတော့ သူ့ကို "မိုက်မဲသူ" လို့ သတ်မှတ်ကြပေမဲ့၊ သူကိုယ်တိုင်ကတော့ တစ်ခါမှ နောင်တမရခဲ့ပါဘူး။
နောက်ပိုင်းမှာ သူက "ကျွန်တော် ဝမ်းမနည်းပါဘူး၊ အဲဒီ ၈ နှစ်တာကာလဟာ ကျွန်တော့်ဘဝမှာ အပျော်ဆုံးအချိန်ပါပဲ။ ကျွန်တော် လုပ်ချင်တာတွေကို အကုန်လုပ်ခဲ့ပြီးပြီ" လို့ ပွင့်ပွင့်လင်းလင်း ပြောကြားခဲ့ပါတယ်ေ။