25/07/2026
ဒီနေ့ MK Dons အသင်းနဲ့ ကစားခဲ့တဲ့ တံခါးပိတ် ခြေစမ်းပွဲမှာ ကစားသမားသစ် ဇိုးလစ်ဟာ ပထမပိုင်း မိနစ် ၄၅ အချိန်အတွင်းမှာတင် ဂိုးဖန်တီးမှု (၁) ကြိမ် ပြုလုပ်ပေးခဲ့ပြီး အာဆင်နယ်အသင်း ၃-၀ ဂိုးနဲ့ အနိုင်ရရှိအောင် ကူညီပေးခဲ့တာ ဖြစ်ပါတယ်ဗျာ။
ဒီဂရိမှော်ဆရာလေးကတော့ အာဆင်နယ်အသင်းမှာ စတင် ခြေစွမ်းပြနေပြီပဲ ဖြစ်ပါတယ်။
15/07/2026
ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ်ရဲ့ ဒီလိုနေ့မျိုးမှာ အာဆင်နယ်အသင်းဟာ ကလပ်စံချိန်တင် ပြောင်းရွှေ့ကြေး ဖြစ်တဲ့ ပေါင် ၁၀၅ သန်းနဲ့ ဝက်စ်ဟမ်းအသင်းကနေ ဒကလန် ရိုက်စ်ကို ခေါ်ယူပြီး သမိုင်းသစ် ရေးထိုးခဲ့ကြတာ ဖြစ်ပါတယ်။
သုံးနှစ်တာ ဖြတ်သန်းပြီးတဲ့နောက်မှာတော့ ဒီအင်္ဂလန်ကြယ်ပွင့်ဟာ သူရဲ့တန်ဖိုးကို အပြည့်အဝ သက်သေပြနိုင်ခဲ့ပြီး အသင်းကို ပရီးမီးယားလိဂ် ချန်ပီယံဆုကြီးအထိ ရယူပေးနိုင်အောင် စွမ်းဆောင်ပေးခဲ့ပါတယ်ဗျာ။
ကဲ... ဂန်းနားတို့ရေ၊ ပေါင် ၁၀၅ သန်း တန်ကြေးရှိတဲ့ ဒကလန် ရိုက်စ်ဟာ... အာတီတာ ခေတ်အတွင်းမှာ အာဆင်နယ်ရဲ့ အကောင်းဆုံး ခေါ်ယူမှု ဖြစ်ခဲ့တယ်လို့ ယူဆကြလားဗျာ?
14/07/2026
မာရီနို၊ ဇူဘီမန်ဒီ နဲ့ ရာယာတို့ ပါဝင်တဲ့ စပိန်လက်ရွေးစင်အသင်းဟာ ဆီမီးဖိုင်နယ်ပွဲစဉ်မှာ ပြင်သစ်အသင်းကို ၂-၀ ဂိုး ဆိုတဲ့ ပြတ်သားတဲ့ရလဒ်နဲ့ အနိုင်ယူပြီး လာမယ့် ၂၀၂၆ ကမ္ဘာ့ဖလား ဗိုလ်လုပွဲကြီးဆီကို တရားဝင် တက်လှမ်းသွားနိုင်ခဲ့ပြီ ဖြစ်ပါတယ်။
ကလပ်အသင်းအဆင့်မှာ ပရီးမီးယားလိဂ် ချန်ပီယံဖြစ်ခဲ့တဲ့ အရှိန်အဝါနဲ့အတူ အခုဆိုရင် နိုင်ငံတကာ စင်မြင့်ထက်မှာပါ ကမ္ဘာ့ဖလားကြီးကို ကိုင်မြှောက်ဖို့ လက်တစ်ကမ်းအလိုကို ရောက်ရှိသွားခဲ့တာ ဖြစ်ပါတယ်ဗျ။
14/07/2026
အာဆင်နယ် အမျိုးသမီးအသင်းကတော့ Ons Batlle၊ Georgia Stanway၊ Selina Cerci၊ Geraldine Reuteler၊ Lisa Baum တို့လို ထိပ်တန်းကစားသမားတွေကို ခေါ်ယူပြီး ဒီအပြောင်းအရွှေ့ဈေးကွက်မှာ တကယ့်ကို ထူးထူးခြားခြား အင်အားဖြည့်တင်းပြနေခဲ့တာ ဖြစ်ပါတယ်။
အမျိုးသမီးအသင်းက ဈေးကွက်ကို စိုးမိုးပြနေချိန်မှာ ထရော့ဆတ် ထွက်ခွာသွားခဲ့တဲ့ ကျွန်တော်တို့ရဲ့ အမျိုးသားအသင်းအနေနဲ့ကော ဘယ်လို ထိပ်တန်းကစားသမားမျိုးကို ခေါ်ယူပြီး တုံ့ပြန်ပြသင့်တယ်လို့ ထင်မိလဲဗျာ?
14/07/2026
ဘီဆစ်တပ်နဲ့ အာဆင်နယ်အသင်းတို့ဟာ ထရော့ဆတ်ရဲ့ အပြောင်းအရွှေ့ကို အတည်ပြုလိုက်ကြပြီ ဖြစ်ပါတယ်။
ဘီဆစ်တပ်အသင်းနဲ့ ၃ နှစ် + ၁ နှစ် သက်တမ်းတိုးခွင့်ရှိမယ့် စာချုပ်ကို သဘောတူညီခဲ့တာဖြစ်ပြီး ပြောင်းရွှေ့ကြေးကတော့ ယူရို ၁၈ သန်း အပြင် သတ်မှတ်ချက်ပြည့်မှ ပေးရမယ့် Add-ons ယူရို ၂ သန်း ပါဝင်မှာ ဖြစ်ပါတယ်။
အာဆင်နယ်အသင်းမှာရှိနေစဉ် တကယ့်ကို အားကိုးရတဲ့ ခြေစွမ်းပြသခဲ့ပြီးတဲ့နောက် ထရော့ဆတ်ဟာ တူရကီမြေမှာ သမိုင်းစာမျက်နှာအသစ် ဖွင့်လှစ်ဖို့ အသင့်ဖြစ်နေပါပြီ။
အာဆင်နယ်ပရိသတ်တို့ရေ ဒီအပြောင်းအရွှေ့အပေါ် ဘယ်လိုထင်မြင်ကြလဲဗျာ?
14/07/2026
ကိုင် ဟာဗက်ဇ်ဟာ ယောကရက်စ် နဲ့အတူ ပတ်ဒယ်တင်းနစ် ကစားနေတဲ့ ပုံရိပ်တစ်ခုကို မျှဝေလာခဲ့ပါတယ်။
အာဆင်နယ်ရဲ့ အဓိက တိုက်စစ်မှူးနှစ်ဦးဟာ ရာသီသစ် မစတင်မီ အားလပ်ရက်ကို အတူတူ ဖြတ်သန်းနေကြတာပဲ ဖြစ်ပါတယ်။
လာမယ့်ရာသီသစ်မှာ သူတို့နှစ်ယောက် ကွင်းထဲ ဘယ်လိုမျိုး အချိတ်အဆက်မိမိနဲ့ တွဲဖက်ကစားပြမလဲဆိုတာကို မြင်တွေ့ရဖို့ ဘယ်သူတွေများ စိတ်လှုပ်ရှားနေကြပြီလဲဗျာ
11/07/2026
အာဆင်နယ်အသင်းမှာ ‘အရေးပေါ်တိုက်စစ်မှူး’ အဖြစ် ကစားခဲ့ရတဲ့ အချိန်ကာလဟာ မီးကေလ် မာရီနို အတွက်တော့ ‘အရာအားလုံးကို ပြောင်းလဲပစ်ခဲ့တာ’ ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၅ ဖေဖော်ဝါရီလ လက်စတာအသင်းနဲ့ အဝေးကွင်းပွဲစဉ် မတိုင်ခင်တုန်းက သူဟာ ကလပ်အသင်းနဲ့ နိုင်ငံအသင်းအတွက် စုစုပေါင်း ၄၀၅ ပွဲ ကစားခဲ့ရာမှာ ၄၀ ဂိုးတည်းသာ သွင်းယူနိုင်ခဲ့တာ ဖြစ်ပါတယ်။
ဒါပေမဲ့ အဲဒီလက်စတာပွဲစဉ် ပြီးဆုံးခဲ့တဲ့နောက်ပိုင်းမှာတော့ သူဟာ ပွဲပေါင်း ၇၀ တည်းအတွင်းမှာတင် ‘၂၃ ဂိုး’ အထိ သွင်းယူပြနိုင်ခဲ့တာ ဖြစ်ပါတယ်။
ကွင်းလယ်လူတစ်ဦး ဘဝကနေ အချိန်တိုအတွင်းမှာပဲ ဂိုးသွင်းစက်ကြီးအဖြစ် ပြောင်းလဲသွားခဲ့တာပါ။ ကိန်းဂဏန်းတွေကတော့ လိမ်ညာခြင်း မရှိပါဘူး...
အရှေ့တန်းမှာ တိုက်စစ်မှူးအဖြစ် ကစားခဲ့ရတာက သူ့ကို လုံးဝကွဲပြားခြားနားတဲ့ ကစားသမားတစ်ယောက် ဖြစ်အောင် အသွင်ပြောင်းပေးလိုက်တာပါ။ ဒီလို အံ့မခန်း အပြောင်းအလဲအပေါ် ဘယ်သူတွေများ အံ့အားသင့်မိကြလဲဗျာ?
ဂန်းနားတို့ရေ အာတီတာရဲ့ လက်ချက်နဲ့ ကွင်းလယ်ခံစစ်သမားဘဝကနေ တားမရဆီးမရ တိုက်စစ်မှူးအဖြစ် Rating တွေ တက်ပြီး ဂိုးတွေတရစပ် သွင်းနေတဲ့ အချစ်တော်ကြီး မီးကေလ် မာရီနိုရဲ့ မယုံနိုင်စရာ စွမ်းဆောင်ရည်အပေါ် ဘယ်လောက်အထိ ပါးစပ်အဟောင်းသားနဲ့ အံ့ဩမိလဲဗျာ?
02/07/2026
၂၀၁၉ ခုနှစ် ဒီနေ့လို နေ့မျိုးမှာတော့ အာဆင်နယ်အသင်းဟာ ဘရာဇီးလ် တတိယတန်းအဆင့် အီတွာနို အသင်းဆီကနေ မသွေးရသေးတဲ့ စိန်ခဲလေးဖြစ်တဲ့ အသက် ၁၈ နှစ်အရွယ် လူငယ်ကြယ်ပွင့် ဂါဘရီယယ် မာတင်နယ်လီကို ပေါင် ၆ သန်းတည်းနဲ့ ခေါ်ယူခဲ့တာ ဖြစ်ပါတယ်ဗျာ။
ဘရာဇီးလ်ရဲ့ လမ်းမတွေထက်ကနေ အခုဆိုရင် ပရီးမီးယားလိဂ် ချန်ပီယံတစ်ဦးအဖြစ်ရော၊ ဂန်းနားတို့ရဲ့ မရှိမဖြစ် အဓိကကစားသမားတစ်ဦးအဖြစ်ပါ ဖြစ်တည်လာခဲ့တာ တကယ့်ကို အံ့မခန်းစရာကောင်းတဲ့ ခရီးစဉ်ပါပဲဗျာ။
11/06/2026
“တစ်ပတ်လောက် အနားရလိုက်တာ တကယ့်ကို ကောင်းမွန်ခဲ့ပြီး အရာအားလုံးကို ပြန်လည် Reset လုပ်နိုင်ခဲ့ပါတယ်။ ဒါပေမဲ့ ကျွန်တော်ကတော့ အမြဲတမ်း ၄ ရက်၊ ၅ ရက်လောက် နားပြီးတာနဲ့ ကွင်းထဲပြန်ဝင်ချင်စိတ်တွေ တဖွားဖွားဖြစ်ပေါ်လာပြီး ဘောလုံးကစားချင်တာပါပဲ။
အာဆင်နယ်အသင်းနဲ့အတူ ပြီးခဲ့တဲ့ ဇူလိုင်လကနေ စတင်ပြီး လွန်ခဲ့တဲ့ နှစ်ပတ်လောက်အထိ တကယ့်ကို ရှည်လျားလှတဲ့ ရာသီတစ်ခုကို ဖြတ်သန်းခဲ့ရပြီးတဲ့နောက် အခုလို ပတ်ဝန်းကျင်အသစ်တစ်ခုကို ရောက်ရှိလာပြီး ဒီအင်္ဂလန်လက်ရွေးစင်အင်္ကျီကို ပြန်လည်ဝတ်ဆင်ခွင့်ရတာ တကယ့်ကို စိတ်ကျေနပ်စရာ ကောင်းလှပါတယ်ဗျာ
ကျွန်တော် ကိုယ်တိုင်လည်း ကြံ့ခိုင်မှုအပြည့်ရှိနေသလို သန်မာနေတယ်လို့လည်း ခံစားရပါတယ်။ ရာသီအတွင်းမှာ ဒဏ်ရာအသေးအမွှား အချို့ ကြုံတွေ့ခဲ့ရပေမဲ့ အသင်းရဲ့ ကာယကုထုံးပညာရှင်တွေနဲ့ မန်နေဂျာတို့က အကောင်းဆုံး စီမံခန့်ခွဲပေးခဲ့ကြတာပါ။ ဒါကြောင့် ကျွန်တော် အင်္ဂလန်အသင်းဆီ တကယ့်ကို အကောင်းဆုံး အနေအထား တစ်ခုနဲ့ ရောက်ရှိလာခဲ့တာဖြစ်ပြီး ကိုယ့်ကိုယ်ကိုယ်လည်း ယုံကြည်မှုတွေ အပြည့်အဝ ရှိနေပါတယ်ဗျ
အာဆင်နယ်နဲ့အတူ ဖလားရပြီး ပန်းတိုင်ကို အောင်မြင်အောင် လှမ်းနိုင်ခဲ့တာဟာ ကျွန်တော့်ကို ကြီးမားစွာ ယုံကြည်မှုမျိုးတွေ ပေးလိုက်တာ ဖြစ်ပါတယ်။ ဒါကြောင့် ကျွန်တော်တို့ ဒီအင်္ဂလန်အသင်းနဲ့လည်း ကမ္ဘာ့ဖလားမှာ အောင်မြင်မှုအကြီးကြီးတွေ ရယူနိုင်လိမ့်မယ်လို့ မျှော်လင့်ထားပါတယ်။ လက်ရှိအချိန်မှာတော့ ကျွန်တော် တကယ့်ကို စိတ်ပိုင်းဆိုင်ရာရော ရုပ်ပိုင်းဆိုင်ရာပါ အကောင်းဆုံး အနေအထားမှာ ရှိနေပါတယ်ဗျာ။” [ဒကလန် ရိုက်စ်]
ရိုက်စ်၊ ဆာကာ၊ မာဒူအက်ကီ၊ အက်ဇေး တို့ပါဝင်တဲ့ အင်္ဂလန်အသင်းကို အားပေးမယ့် အာဆင်နယ်ပရိသတ်တွေ ရှိလားဗျာ👇
11/06/2026
'The Thierry Henry Way’ လို့ အမည်ရတဲ့ လမ်းနာမည်ဟာ အခုဆိုရင် နယူးယောက်မြို့ရဲ့ Rockefeller Center အနီးမှာ တရားဝင် သတ်မှတ်ခြင်း ခံလိုက်ရပြီပဲ ဖြစ်ပါတယ်။
ဟိုက်ဘူရီရဲ့ ဘုရင်ကြီးဟာ နောက်ထပ် မြို့ပြကြီးတစ်ခုကိုပါ တရားဝင် စိုးမိုးသိမ်းပိုက်သွားခဲ့တာ ဖြစ်ပါတယ်။
အွန်နရီဟာ MLS ပြိုင်ပွဲရဲ့ New York Red Bulls အသင်းမှာ ကစားခဲ့စဉ်ကတည်းက အမေရိကန်ပရိသတ်တွေကို ဆွဲဆောင်နိုင်ခဲ့တာဖြစ်ပြီး၊ အခုလို လမ်းနာမည်အဖြစ် တရားဝင် သတ်မှတ်ခံရခြင်းက ဘောလုံးသမားတစ်ယောက် ရရှိနိုင်ခဲတဲ့ အမြင့်မားဆုံး ဂုဏ်ပြုမှုကြီး ဖြစ်ပါတယ်ဗျာ။