29/07/2026
⚽ ကြိုက်တာယူ သန်း(၁၀၀)
ဘောလုံးလောကကရဲ့ အပြောင်းအရွှေ့စျေးကွက် အခြေအနေက ကြိုက်တာယူ သန်း(၁၀၀)ခေတ်လို့ ပြောရင်တောင် လုံလောက်ပါတော့မလား။ သန်း(၁၀၀)ဆိုတာက အပြောင်းအရွှေ့စျေးကွက်ကို အဓိကဦးဆောင်နေတဲ့ ဗြိတိန်ရဲ့ ပေါင်ငွေကြေးကို ညွှန်းဆိုတာဖြစ်ပြီး လက်ရှိအချိန်မှာ အနည်းဆုံးပေါင်သန်း(၁၀၀)ရမှ ဆိုတဲ့ စျေးခေါ်သံတွေကို ကလပ်အသင်း အတော်များများဆီကနေ ကြားနေရတာကြောင့်ပါ။ အက်စတွန်ဗီလာအသင်းရဲ့ အင်္ဂလန်တိုက်စစ်ကစားသမား မော်ဂန်ရော်ဂျာစ်ကို ချယ်လ်ဆီးအသင်းက ပေါင်(၁၁၇)သန်းပေးပြီး ခေါ်ယူခဲ့ရပါတယ်။ နော်တင်ဟမ်ဖောရက်စ်အသင်းရဲ့ အင်္ဂလန်ကွင်းလယ်ကစားသမား အန်ဒါဆန်ကို မန်စီးတီးအသင်းက ပေါင်(၁၁၆)သန်းပေးပြီး ခေါ်ယူခဲ့ရပါတယ်။ ဒီအပြောင်းအရွှေ့နှစ်ခုက ကမ္ဘာ့ဘောလုံးလောကရဲ့ သမိုင်းတစ်လျှောက် တန်ဖိုးအကြီးဆုံးအပြောင်းအရွှေ့စာရင်းမှာ အဆင့်(၄)နဲ့ (၅)နေရာ ချိတ်ခဲ့ပါတယ်။ ၂၀၁၇ နွေရာသီမှာ ဘာစီလိုနာကနေ PSG ကို ပေါင်သန်း(၂၀၀)နဲ့ ပြောင်းရွှေ့ခဲ့တဲ့ နေမာရဲ့ စံချိန်ကို (၁၀)နှစ်နီးပါး ကြာတဲ့အထိ မချိုးဖျက်နိုင်သေးဘူးဆိုပေမဲ့ ဒီရေလို တရိပ်ရိပ်မြင့်တက်လာတဲ့ ပြောင်းရွှေ့ကြေးတန်ဖိုးတွေကြောင့် နေမာရဲ့စံချိန် သိပ်ကြာကြာခံမှာမတော့ဘူးလို့ မှတ်ချက်ပေးရမလိုလည်း ဖြစ်နေခဲ့ပါပြီ။
ရီးယဲလ်မက်ဒရစ်အသင်းက ဘိုင်ယန်မြူးနစ်အသင်းရဲ့ ပြင်သစ်တိုက်စစ်ကစားသမား အိုလီဆေးကို ကမ္ဘာ့စံချိန်တင်ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူဖို့ အသင့်ရှိနေတယ်ဆိုတဲ့ သတင်းကိုလည်း ကြားလိုက်ကြမှာပါ။ ရီးယဲလ်မက်ဒရစ်အသင်းက အိုလီဆေးကို လက်တွေ့ကမ်းလှမ်းမှုမပြုလုပ်ခဲ့ပေမဲ့ ဒါက ကြွားဝါမှုသက်သက် ထုတ်လွှင့်လိုက်တဲ့ သတင်းလို့လည်း သတ်မှတ်လို့ မရနိုင်ပါဘူး။ ရီးယဲလ်မက်ဒရစ်အသင်းက လိုချင်တဲ့ကစားသမားဆိုရင် ကြိုက်စျေးပေးပြီး ရအောင်ခေါ်ယူတတ်တဲ့ အစဉ်အလာရှိသလို၊ အသင်းဥက္ကဋ္ဌ ဖလော်ရင်တီနိုပီရက်ဇ်ကလည်း တန်ဖိုးကြီးကစားသမား ခေါ်ယူပေးမယ်ဆိုတဲ့ မဲဆွယ်ကတိ ပေးထားတာကြောင့်ပါ။ အဲဒီကတိစကားက လိုက်ပ်ဇစ်အသင်းက အိုင်ဗရီကို့စ်တောင်ပံကစားသမား ဒီယိုမန်ဒီကို ပေါင်သန်း(၁၁၀)ဝန်းကျင်ပေးပြီး ခေါ်ယူခြင်းနဲ့ပဲ အဆုံးသတ်သွားမလားဆိုတာကိုတော့ စောင့်ကြည့်ရမှာပါ။ ဒီယိုမန်ဒီက PSG နဲ့ လီဗာပူးလ်တို့လည်း ခေါ်ယူဖို့ ပစ်မှတ်ထားခဲ့တဲ့ ကစားသမားဖြစ်ပြီး ပြီးခဲ့တဲ့နွေရာသီကမှ ပေါင်သန်း(၂၀)ဝန်းကျင်နဲ့ ခေါ်ယူခဲ့တဲ့ ကစားသမားကို လိုက်ပ်ဇစ်အသင်းက ပေါင်သန်း(၁၀၀)နဲ့တောင် လက်မလွှတ်ချင်တာကတော့ အံ့အားသင့်စရာကောင်းနေပါတယ်။ ပြီးတော့ ဒါက လက်ရှိအပြောင်းအရွှေ့စျေးကွက်ရဲ့ ပေါက်ကွဲမှုအခြေအနေကို ပြသသလိုလည်း ဖြစ်နေခဲ့ပါတယ်။
တချို့ကတော့ ဝင်ငွေကောင်းနေကြတဲ့ ပရီးမီးယားလိဂ်အသင်းတွေရဲ့ အပြိုင်အဆိုင်ငွေကြေးသုံးစွဲမှုကြောင့် အခုလိုဖြစ်လာတာလို့လည်း အပြစ်တင်ကြပါတယ်။ ကစားသမားကောင်းတစ်ယောက်ကို ခေါ်ယူနိုင်ဖို့ ငွေကြေးသုံးစွဲနိုင်တဲ့အသင်းတွေ အပြိုင်အဆိုင်ကြိုးစားကြရတဲ့အခါ ပြောင်းရွှေ့ကြေးတန်ဖိုးကို မြင့်တက်အောင် ဖန်တီးသလိုဖြစ်လာစေမှာတော့ အမှန်ပါပဲ။ ဒီလိုနဲ့ပဲ အန်ဒါဆန်ကိုတောင် ပေါင်(၁၁၆)သန်းပေးရင် ငါတို့အသင်းရဲ့ ကစားသမားက ပေါင်သန်း(၁၂၀)မက တန်ကြေးရှိတယ်ဆိုတဲ့ နှိုင်းယှဉ်အကဲဖြတ်မှုတွေ၊ ဘာကိုလာကိုတောင် ပေါင်(၁၄၅)သန်းလို့ တန်ဖိုးသတ်မှတ်တယ်ဆိုရင် ငါတို့အသင်းရဲ့ ကစားသမားက အနည်းဆုံးပေါင်သန်း(၁၆၀) တန်ကြေးရှိတယ်ဆိုတဲ့ နှိုင်းယှဉ်အကဲဖြတ်မှုတွေလည်း ဖြစ်ပေါ်လာခဲ့ပြီး မယုံနိုင်လောက်တဲ့ စျေးခေါ်သံတွေ ပွက်ပွက်ညံလာခဲ့တာပါ။ ပြီးတော့ ဒါတွေက စျေးခေါ်သံသက်သက်တွေလို့ပဲ သတ်မှတ်လို့လည်း မရနိုင်ပြန်ပါဘူး။ ရာသီသစ်တစ်ခုစာပဲဖြစ်ဖြစ်၊ နှစ်ရှည်အနာဂတ်အတွက်ပဲဖြစ်ဖြစ် အပြိုင်အဆိုင် ပြင်ဆင်နေကြတဲ့ အချိန်အခါမှာ နောက်ကျကျန်ရစ်လို့ မရနိုင်တာကြောင့် ခေါ်စျေးအတိုင်းပေးပြီး ခေါ်ယူမယ့်အသင်းတွေလည်း ရှိနေတာကြောင့်ပါ။ ဒါကြောင့် နေမာရဲ့ စံချိန်၊ အမ်ဘာပေရဲ့ စံချိန်တွေကို ချိုးဖျက်နိုင်မယ့်ကစားသမား ဒီနွေမှာ ထွက်ပေါ်မလာနိုင်သေးဘူးဆိုရင်တောင် တတိယတန်ဖိုးအကြီးဆုံးအဖြစ် ရပ်တည်နေတဲ့ အီဆက်ခ်ရဲ့ ပေါင်(၁၂၅)သန်းစံချိန်ကို ကျော်ဖြတ်မယ့်ကစားသမားကတော့ ထွက်ပေါ်လာဖို့ အလားအလာများနေပါတယ်။ အဲဒီကစားသမားက ပရီးမီးယားလိဂ်ရပ်ဝန်းမှာပဲလား၊ တခြားလိဂ်တွေမှာရော ရှိလာမလား ဆိုတာကိုတော့ . . . ။