07/07/2026
အာဂျင်တီးနားကတော့ အငြင်းပွားစရာ ဖြစ်ရပ်တွေနဲ့အတူ အီဂျစ်ကို ၃-၂ ဂိုးနဲ့ ကမ်းဘတ်လုပ်ပြီး အနိုင်ယူသွားခဲ့ပါတယ်။ အီဂျစ်အတွက် အသည်းကွဲခဲ့ရသလို အာဂျင်တီးနားအတွက်လည်း တကယ်ကို ဇောချွေးပျံစရာဖြစ်ခဲ့ပါတယ်။
နှစ်ဂိုးပြတ်နဲ့ အီဂျစ်တို့ ဦးဆောင်ထားပြီးမှ တစ်ဂိုးပြန်ပေးလိုက်ရချိန်မှာ ဆက်တိုက်ကြီး ပြိုဆင်းသွားတာ မြင်လို့တောင် မကောင်းပါဘူး။ နောက်ပြီး ဒီပွဲမှာ ဒိုင်လူကြီးရဲ့ ဆုံးဖြတ်ချက်တွေကလည်း တော်တော်လေး ပြဿနာတက်ခဲ့ပါတယ်။
အီဂျစ်ရဲ့ သွင်းဂိုးတစ်ဂိုးကို မာတီနက်ဇ် ဖောင်းဘောကျူးလွန်ခံရတယ်ဆိုပြီး ပြန်ကြည့် ပယ်ဖျက်ပေးခဲ့ပေမယ့် အာဂျင်တီးနားအတွက် အန်ဇို အနိုင်ဂိုးသွင်းလိုက်ချိန်မှာတော့ ရှေ့မှာ ပင်နယ်တီဧရိယာထဲ ပြစ်ဒဏ်ကျူးလွန်ခံရတဲ့ ဆာလာအတွက် VAR ပြန်မကြည့်တော့ပါဘူး။
အဲ့ဒါကြောင့်ပဲ အီဂျစ်က အရန်ခုံတန်းက ရှိသမျှ လူကုန် ကတ်တွေ အပြခံခဲ့ရပါတယ်။ မက်ဆီကလည်း ဒီပွဲမှာ ပင်နယ်တီမဝင်ပြန်ပါဘူး။
ဒါပေမယ့် သူ့ရဲ့ ပါဝင်ပတ်သက်မှုတွေ၊ အားထုတ်မှုတွေက အာဂျင်တီးနားအတွက် အဖိုးတန်ခဲ့ပြီး ပထမချေပဂိုးကို ရိုမဲရိုးအတွက် ဖန်တီးပေးခဲ့သလို ဒုတိယချေပဂိုးကိုလည်း ကိုယ်တိုင်ပဲ လှလှပပ ကန်သွင်းကာ အာဂျင်တီးနားကို ကယ်တင်ခဲ့ပါတယ်။
07/07/2026
မနေ့က ပေါ်တူဂီနဲ့ စပိန်ပွဲအပြီးမှာ ဖြစ်ပွားခဲ့တဲ့ မြင်ကွင်းပါ။ ဘာနာဒိုဆေးလ်ဗားရဲ့ နောက်ဆုံးမိနစ် ခေါင်းတိုက်ချက် ဂိုးဘားပေါ် ကျော်သွားချိန်မှာ ရိုဒရီက ဘာနာဒိုရှေ့မှာ အောင်ပွဲခံခဲ့ပါတယ်။
မန်စီးတီးအသင်းဖော်ဟောင်းနှစ်ယောက်ဆိုပေမယ့် ဒီကိစ္စမှာ ဘာနာဒိုက သည်းမခံဘဲ ရိုဒရီနဲ့ ငြိဖို့ ကြိုးစားခဲ့ပါတယ်။ စပိန်ဂိုးသမား အူနိုင်းဆိုင်မွန်နဲ့ နောက်ခံလူ လာပေါ့တ်တို့ ဝိုင်းဆွဲခဲ့လို့သာ ဘာမှကြီးကြီးမားမား မဖြစ်ခဲ့တာပါ။
ရိုဒရီကလည်း စိတ်ခံစားချက်အလျောက် လုပ်ခဲ့ပုံရပြီး ဘာနာဒိုကို ချက်ချင်း ပြန်တောင်းပန်ခဲ့တာကိုလည်း မြင်တွေ့ခဲ့ရပါတယ်။
07/07/2026
ပေါ်တူဂီတို့ ဒီလူစာရင်း၊ ဒီကစားသမားတွေနဲ့ မအောင်မြင်ခဲ့တဲ့ အကြောင်းရင်းထဲမှာ နည်းပြ ရော်ဘတ်တိုမာတီနက်ဇ်ရဲ့ အရည်အချင်းကလည်း စကားပြောသွားပါတယ်။ တခြားနည်းပြကောင်းနဲ့သာဆိုရင် ပေါ်တူဂီတို့ ဒီထက်ပိုမြင့်တဲ့ အဆင့်ကို ရောက်မှာပါ။
ဘရူနိုဖာနန်ဒက်စ်၊ ဗီတင်ညာ၊ ယာအိုနေးဗက်စ်၊ ဘာနာဒိုဆေးလ်ဗား၊ ယာအိုဖီးလစ်၊ ရာဖေးလ်လီယာအို၊ ရော်နယ်ဒိုတို့ရှိနေတဲ့ လူစာရင်းကို ဘာရုပ်မှမထွက်အောင် လုပ်ပြသွားတာ နည်းတဲ့ စကေးတော့ မဟုတ်ပါဘူး။
ဘယ်လ်ဂျီယံ ရွှေရောင်မျိုးဆက်နဲ့ အခု ပေါ်တူဂီ ရွှေရောင်မျိုးဆက်ကိုပါ အောင်မြင်စွာ ဖျက်စီးနိုင်ခဲ့တဲ့နောက် ရော်ဘတ်တိုမာတီနက်ဇ်လည်း ပေါ်တူဂီလက်ရွေးစင်နည်းပြရာထူးကနေ နှုတ်ထွက်သွားခဲ့ပါပြီ။
07/07/2026
ဘယ်လ်ဂျီယံတို့ အမေရိကန်ကို ၁-၃ ဂိုးနဲ့ ဂိုးပြတ်နိုင်နေချိန် မိနစ် (၂၀) ကျော်လောက် ကျန်နေချိန်မှာ လူကာကူနဲ့ ဒိုကူတို့နှစ်ယောက်စလုံးကို တစ်ပြိုင်တည်း ထပ်ထည့်ခဲ့ပါတယ်။ လူကာကူကလည်း ပွဲသိမ်းဂိုးကို ထပ်သွင်းခဲ့ပြန်ပါတယ်။။
ဘယ်လ်ဂျီယံက အိမ်ရှင် အမေရိကန်ကို ၁-၄ ဂိုးနဲ့ အနိုင်ယူပြီး ကမ္ဘာ့ဖလားပြိုင်ပွဲကနေ ဖြုတ်ချခဲ့တာပါ။ ဒီပွဲမတိုင်ခင် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ရဲ့ စွက်ဖက်မှုကြောင့် အမေရိကန်တိုက်စစ်မှူး ဘာလိုဂန်ရဲ့ အနီကတ်ကို ပယ်ဖျက်ပေးခဲ့လို့လည်း ဝေဖန်သံတွေ ဆူညံခဲ့ပါတယ်။
ဘယ်လ်ဂျီယံဘက်ကလည်း ဒါကို ပြင်းပြင်းထန်ထန် ဝေဖန်ခဲ့ပြီး တကယ်တမ်း ပွဲကစားချိန်မှာလည်း ဘယ်လ်ဂျီယံတို့ အမေရိကန်ကို ခေါင်းမဖော်နိုင်အောင် အမှုန့်ကြိတ်သွားခဲ့တာပါ။
07/07/2026
နောက်ထပ် လာမယ့် ကမ္ဘာ့ဖလားပြိုင်ပွဲကြီးတွေမှာ ရော်နယ်ဒိုကို မြင်တွေ့ခွင့်ရတော့မှာ မဟုတ်ပါဘူး။ စပိန်ကို ပေါ်တူဂီတို့ ရှုံးနိမ့်ခြင်းနဲ့အတူ ရော်နယ်ဒိုလည်း နောက်ထပ် ကမ္ဘာ့ဖလားပြိုင်ပွဲကို အသက်အရွယ်အရ မမီတော့ပါဘူး။
ရော်နယ်ဒိုက (၂၀၀၆) ကမ္ဘာ့ဖလားကစလို့ အခု (၂၀၂၆) ကမ္ဘာ့ဖလားအထိ ပေါ်တူဂီအတွက် ကစားပေးခဲ့ပါတယ်။ ကမ္ဘာ့ဖလား (၆) ကြိမ်အထိ ကစားခွင့်ရခဲ့ပေမယ့် ပေါ်တူဂီနဲ့အတူ ရော်နယ်ဒိုက ကမ္ဘာ့ဖလား အောင်မြင်မှု မရခဲ့ပါဘူး။
မနေ့က စပိန်နဲ့ပွဲအပြီးမှာတော့ ရော်နယ်ဒိုတစ်ယောက် ကွင်းထဲမှာ မျက်ရည်တွေနဲ့ ငိုကြွေးနေခဲ့ပြီး ဒီမြင်ကွင်းက ပရိသတ်တွေအတွက်တော့ တကယ်ကို စိတ်ထိခိုက်စရာကောင်းလွန်းခဲ့ပါတယ်။
04/07/2026
မက်ဆီနဲ့ ဆာလာတို့ နှစ်ယောက်ကတော့ ကမ္ဘာ့ဖလားရှုံးထွက် (၁၆) သင်းအဆင့်မှာ ထိပ်တိုက်တွေ့တော့မှာပါ။ ဒီမနက်မှာ အာဂျင်တီးနားက ကိပ်ဗာဒီကို၊ အီဂျစ်က သြစတြေးလျကို ကျော်ဖြတ်နိုင်ခဲ့ပါတယ်။
နှစ်ယောက်စလုံးရဲ့ အသက်အရွယ်အရ မက်ဆီက ဒီနှစ် ကမ္ဘာ့ဖလားပြီးရင် နောက်နှစ်မီဖို့ မဖြစ်နိုင်တော့သလို ဆာလာအတွက်လည်း နောက်ထပ် ကမ္ဘာ့ဖလားဆိုတာ ထပ်ရှိဖို့ မသေချာတော့ပါဘူး။
အီဂျစ်နတ်ဘုရားကြီး ဆာလာနဲ့ ဘောလုံးနတ်ဘုရားကြီး မက်ဆီတို့ ထိပ်တိုက်တွေ့ဆုံတဲ့ပွဲက ရှုံးထွက် (၁၆) သင်းအဆင့်အတွက် စိတ်ဝင်စားစရာ ပွဲကောင်းတစ်ပွဲအဖြစ်ရှိနေပြီး ဘာတွေဖြစ်ဦးမလဲ စောင့်ကြည့်ရမှာပါ။
04/07/2026
အာဂျင်တီးနားနဲ့ ကိပ်ဗာဒီတို့ရဲ့ပွဲမှာ လှပတဲ့ သွင်းဂိုး၊ သပ်ရပ်တဲ့သွင်းဂိုးတွေကို ဆက်တိုက် မြင်ခဲ့ရပါတယ်။ မက်ဆီ၊ လီဆန်ဒရိုမာတီနက်ဇ်တို့ကလည်း သိပ်ကောင်းတဲ့ ဂိုးတွေကို သွင်းပြခဲ့ပါတယ်။
ကိပ်ဗာဒီအတွက် ကာဘရယ်လ် အချိန်ပိုမှာ သွင်းသွားတဲ့ ဒုတိယချေပဂိုးကလည်း ဝေ့ဝဲပြီး တကယ်ကို လှပခဲ့ပါတယ်။ ဂိုးပေါက်နဲ့ ထောင့်ဖြတ်အနေအထားကနေ မာတီနက်ဇ်ရဲ့ အဝေးထောင့်ထဲကို ကန်ပြသွားတာက လှလှပပပဲ ဂိုးဝင်သွားခဲ့ပါတယ်။
ကိပ်ဗာဒီက ဒီနှစ် ကမ္ဘာ့ဖလားမှာ စပိန်၊ ဥရုဂွေး၊ အာဂျင်တီးနားတို့လို ထိပ်တန်းအသင်းတွေနဲ့ ဆက်တိုက်တွေ့ဆုံခွင့်ရခဲ့ပြီး ဒီပွဲတွေမှာ (၄) ဂိုးအထိ သွင်းနိုင်ခဲ့တာကလည်း သူတို့အတွက် ဂုဏ်ယူစရာ မှတ်တမ်းကောင်းအဖြစ် ရှိနေတော့မှာပါ။
04/07/2026
ဗိုဇင်ညာကြီးရဲ့ လက်စွမ်းပြကာကွယ်မှုတွေက ဒီနှစ် ကမ္ဘာ့ဖလားမှာ စွဲထင်ကျန်ရစ်နေဦးမယ့် ပုံရိပ်တွေပါ။ သူတို့ ပြိုင်ပွဲကနေ ထွက်သွားရပေမယ့် သူတို့ရဲ့ ပုံရိပ်တွေ၊ စွမ်းဆောင်မှုတွေက ကျန်ရစ်နေမှာပါ။
အာဂျင်တီးနားလို ကမ္ဘာ့ထိပ်တန်းအသင်းတစ်သင်း၊ ကမ္ဘာ့ဖလားရဲ့ လက်ရှိချန်ပီယံအသင်းတစ်သင်းကို ရဲရဲဝံ့ဝံ့ ရင်ဆိုင်သွားခဲ့ပြီး ဗိုဇင်ညာရဲ့ လက်စွမ်းကလည်း အထင်ကြီးလေးစားစရာပါပဲ။
ကမ္ဘာကျော်တိုက်စစ်ကစားသမားတွေရှိနေတဲ့ အသင်းကို ရင်ဆိုင်ရချိန်မှာ အသက် (၄၀) အရွယ် ဗိုဇင်ညာကြီးက ဂိုးပေါက်ကာကွယ်မှု (၈) ကြိမ်အထိ ရှိခဲ့ပြီး သူ့ကြောင့်သာ မဟုတ်ရင် မက်ဆီက ဒီပွဲမှာတင် အနည်းဆုံး (၄) ဂိုးလောက် ရနိုင်ခြေရှိခဲ့တာ အမှန်ပါပဲ။
04/07/2026
ကိပ်ဗာဒီကို ကျေးဇူးတင်ရမယ့်ပွဲပါ။ ဘာကြောင့်လဲဆိုတော့ ဒီနှစ် ကမ္ဘာ့ဖလားရဲ့ အကောင်းဆုံးပွဲတစ်ပွဲ ဖြစ်လာနိုင်တဲ့ပွဲမျိုးကို အာဂျင်တီးနားနဲ့ ယှဉ်ပြီး ကန်ပြ၊ ကစားပြသွားခဲ့လို့ပါ။
အာဂျင်တီးနားအတွက် အရမ်းမလွယ်ကူလောက်ဘူးဆိုတာ တွက်ဆမိခဲ့ကြပေမယ့် ဒီလောက်ကြီး ခက်ခဲသွားမယ်လို့လည်း ဘယ်သူမှ မထင်ခဲ့ပါဘူး။ ကိပ်ဗာဒီက ဒီလောက်အထိကို လုပ်ပြခဲ့ပြီး အချိန်ပို နောက်ဆုံးမိနစ်အထိ အာဂျင်တီးနားကို ဂိုးပြန်သွင်းနိုင်ဖို့ ခြိမ်းခြောက်ခဲ့တယ်။
စပိန်၊ ဥရုဂွေး၊ အာဂျင်တီးနားတို့လို အသင်းတွေနဲ့ ဒီနှစ် ကမ္ဘာ့ဖလားမှာ ဆက်တိုက်တွေ့လိုက်ရပေမယ့် တစ်ပွဲမှ မိနစ် (၉၀) အတွင်း မရှုံးဘဲ ကစားပြသွားနိုင်ခဲ့တာက တကယ်ကို ချီးကျူးရမယ့်ကိစ္စပဲ ဖြစ်ပါတယ်။
03/07/2026
ခရိုအေးရှားရဲ့ သွင်းဂိုး ပယ်ဖျက်ခံခဲ့ရတဲ့ မြင်ကွင်းပါ။ အခု ကမ္ဘာ့ဖလား ဘောလုံးမှာ ဆင်ဆာတွေ ပါဝင်ပြီး မာတာနိုဗစ်ရဲ့ ခေါင်းနဲ့ ဘောလုံးထိသွားတယ်ဆိုတာကို ဆင်ဆာက အချက်ပြခဲ့ပါတယ်။
အဲ့ဒါကြောင့်လည်း ပါဆာလစ်က လူကျွံအနေအထားကို ရောက်သွားခဲ့ပြီး ခရိုအေးရှားရဲ့ နောက်ဆုံးမိနစ် ချေပဂိုးကလည်း ပယ်ဖျက်ခံခဲ့ရတာပါ။ ခရိုအေးရှားအတွက်တော့ နစ်နာခဲ့ပါတယ်။
ဒါပေမယ့်လည်း ဂိုးမပေးခဲ့တဲ့ ဆုံးဖြတ်ချက်ကတော့ မှန်ကန်ခဲ့ပြီး ပေါ်တူဂီက ခရိုအေးရှားကို ၂-၁ ဂိုးနဲ့ အနိုင်ရကာ နောက်တစ်ဆင့် တက်ခဲ့ပါတယ်။