08/05/2025
မက်တိုမီနေး၊ အန်တိုနီနဲ့ မန်ယူနိုက်တက် ကျိန်စာကို အဖြေရှာခြင်း
မန်ယူနိုက်တက်ရဲ့ ဝေးရာမှာ မက်တိုမီနေး နဲ့ အန်တိုနီတို့ ကောင်းကောင်းအလုပ်ဖြစ်နေကြပါတယ်။ မက်တိုမီနေးဆိုရင်လည်း စီးရီးအေမှာ နာပိုလီအသင်းနဲ့ အတူ ကွန်တီရဲ့လက်အောက် ဂိုးတွေသွင်းပေးနေပြီး အသင်းရဲ့ အရေးပါတဲ့အစိတ်အပိုင်းအဖြစ် ရှိနေသလို အန်တိုနီကလည်း ရီးရဲလ် ဘက်တစ် အသင်းမှာ အထိုင်ကျ ခြေစွမ်းပြပြီး အရေးပါတဲ့ သွင်းဂိုးတွေ၊ ဖန်တီးမှုတွေ လုပ်ပေးနိုင်ရုံသာမက၊ သူ့ ရဲ့ နဂိုမူလပုံစံနီးပါးလောက်ကို ပြန်ပြနေနိုင်ပါပြီ။
သူတို့တင်မှမဟုတ်ပါဘူး။ မေဆန် ဂရင်းဝုဒ်ကလည်း မာဆေးမှာ အဆင်ပြေနေသလို၊ အဲဗာရို ဖာနန်ဒက်စ်ကလည်း ဘင်ဖီကာမှာ ခြေစွမ်းပြနေတာပါပဲ။ အခုဆိုရင်သူက အဲဗာရို ကာရားကက်စ်ဆိုတဲ့ နာမည်ကို ပြောင်းသုံးနေပါပြီ။ မားကပ် ရက်ဖို့ဒ်ဟာလည်း ဗီလာမှာ သူလုပ်နိုင်တာတွေကို လုပ်ပြနေတုန်းပါ။ ဆန်ချိုတစ်ယောက်သာ အတက်အကျတွေ များနေပေမဲ့ ဂိုးတွေ၊ ဖန်တီးမှုတွေတော့ လုပ် နိုင်နေဆဲပါပဲ။
ဆိုတော့ လက်ရှိယူနိုက်တက်နဲ့ ပတ်သက်ပြီး တွေးစရာတွေက များလာပါတယ်။ ဒါတွေ အကုန်လုံးဟာ တကယ်ပဲ ကစားသမားတွေရဲ့ ပြဿနာလား၊ အသင်းရဲ့ပြဿနာလား။ အသင်းရဲ့ ပြဿနာဆို ရင် ဘယ်နေရာမှာ အဲဒီပြဿနာက ရှိနေတာလဲ။ အခု အသင်းမှာ လူဝေဖန်စရာတွေဖြစ်နေတဲ့ ဟွိုက်လန်းတို့ ဂါနာချိုတို့ကရော ဒီလိုပဲ တခြားအသင်းတွေ ရောက်သွားရင် ခြေစွမ်းတွေ ပြလာကြမှာလား။ ဒါတွေက မေးခွန်းတွေအဖြစ် ပေါ်ထွက်လာပါတယ်။
ယူနိုက်တက်ရောက်ရင် ခြေစွမ်းပိုင်းဆိုင်ရာ ပြဿနာတွေတက်တယ်ဆိုတာကို ယူနိုက်တက်ကျိန်စာ လို့ ခေါ်နေကြတာကြာပါပြီ။ ဒီကိစ္စမှာ ပြဿနာ အများကြီးပါပါတယ်။ ယူနိုက်တက်ဟာ ဆာအဲလက်စ် ခေတ်ကတည်းက ကစားသမားတွေကို သူတို့အားသန်တဲ့ ပင်ကိုယ်နေရာထက် ကစားစေချင်တဲ့နေရာမှာ လိုသလို လိုက်ကစားခိုင်းတာမျိုးတွေ မကြာမကြာလုပ်တတ်ပါတယ်။ အိုရှီးတို့၊ ဖလက်ချာတို့၊ ဗလင်စီယာတို့၊ အက်ရှ်လေယန်းတို့၊ ဝိန်းရွန်နီတို့ဆိုရင် နေရာစုံလိုက်ကစားပေးခဲ့ကြရ ပါတယ်။ မိုက်ကယ်ကားရစ်ဆိုရင်လည်း ဗဟိုခံစစ်အထိ သွားကစားရဖူးတာတွေရှိပါတယ်။
ဒါပေမဲ့ ဆာအဲလက်စ်လို ဩဇာအရှိန်အဝါအပြင် စည်းရုံးရေးကလည်း ကောင်းတဲ့နည်းပြတစ် ယောက်က လုပ်တာဖြစ်လို့ အဆင်ပြေခဲ့ပါတယ်။ သို့သော် သူ့အလွန်မှာတော့ ဇာတ်လမ်းက နောက် တဆစ်ကို ချိုးသွားပါပြီ။ ခေတ်ကလည်း ပြောင်းသွားပါပြီ။ ကစားသမားတွေရဲ့ခေတ်ကို ရောက်လာ ပြီဖြစ်ပြီး နည်းပြတွေက ကစားသမားတွေကို အရင်ကလောက်မထိန်းနိုင်ကြတော့ပါဘူး။ ဆိုတော့ ဇာတ်လမ်းတွေက စလာပါတယ်။
ဥပမာပြောရရင် ညာခြမ်းတောင်ပံကစားဖို့ဆိုပြီး ဆန်ချိုကို ဆိုးရှားလက်ထက်မှာ ခေါ်လိုက်ကာမှ သူက ဘယ်ခြမ်းပဲ ကစားချင်လို့ ပြဿနာဖြစ်ရတာမျိုးတွေ၊ ရက်ဖို့ဒ်က ညာခြမ်းပြောင်းကစားရတဲ့ အခါ အသားကျအောင် အားမထုတ်တော့ဘဲအဖြစ်ပဲ ကစားတော့တာမျိုးတွေဆိုပါတော့။ အရင်တုန်းကဆိုရင် ရိုင်ယန်ဂစ်လည်း ကွင်းလယ်ဝင်ကစားရပါတယ်။ ဘာစောဒကမှ မတက်ခဲ့ကြပါဘူး။ ဒါက နည်းပြတွေရဲ့ စည်းရုံးသိမ်းသွင်းနိုင်စွမ်းနဲ့ ဩဇာအရှိန်အဝါကျဆင်းလာတာကို ပြနေပါတယ်။
နောက်ထပ် ပြဿနာကတော့ ကစားသမားတွေမှာရှိတာမဟုတ်ပါဘူး။ နည်းပြတွေမှာရှိတာပါ။ ဗန်ဟားဟာ အသင်းအလုပ်ဖြစ်ရမယ့်အစား သူ့ရဲ့ မောက်မာမှုကို အလျှော့မပေးခဲ့တဲ့အတွက် တကယ်ထက်မြက်တဲ့ ဒီမာရီယာလို ကစားသမားတွေနဲ့ အဆင်မပြေခဲ့ပါဘူး။ မော်ရင်ညိုကျတော့လည်း မက်တိုမီနေးကို သူ့လက်ထက်ပွဲထွက်ခွင့်ပေးခဲ့ပေမဲ့ တိုက်စစ်လိုက်ပါမှုကောင်းတဲ့ကစားသမားကို ကွင်းလယ်ခံစစ်ကစားသမားအဖြစ် သုံးပစ်တာဟာ တကယ့်ကို ကစားသမားအရည်အသွးဖတ်နိုင်စွမ်း သံသယရှိစရာလုပ်ရပ်ပါပဲ။
အဲဒီနေရာက Footballing IQ မြင့်တဲ့ ကစားသမားတွေမှ ကစားကြရတာ ဖြစ်ပြီး အသင်းရဲ့ Tempo ကို ထိန်းထားတဲ့နေရာပါ။ ရွိုင်းကိန်းဆိုရင် သူ့ရဲ့ ကြမ်းတမ်းခက်ထန်မှုတွေ က ဖုံးလွှမ်းနေလို့သာ မမြင်သာပေမဲ့ သူဟာ သူ့ခေတ်မှာ Forward Pass တွေအပေးဆုံး၊ Direct Pass တွေနဲ့ တိုက်စစ်လမ်းကြောင်း ရှာတာ အကောင်းဆုံးတွေထဲက တစ်ယောက်ပါ။ ဆိုလိုချင်တာက သူ့ရဲ့ ဘောလုံး IQ က မြင့်ပါတယ်။ မက်တိုမီနေးက အဲဒီလို တပွဲလုံးစာကို ဖတ်နိုင်တဲ့သူမျိုးမဟုတ်ပါဘူး။ ဒါပေမဲ့ ဘောလုံးကို ကန်တဲ့နေရာမှာတော့ ထိချက်ရော၊ အားပါကောင်းပြီး၊ ချိန်သားကိုက်ပြေးဝင် မှုတွေ ကောင်းပါတယ်။ တိုက်စစ်နဲ့ နီးတဲ့နေရာမှာ သူက ပိုအလုပ်ဖြစ်တာပါ။ ဒီလို သာရည်မျိုးကလည်း သူ့ဗီဇနဲ့ သူလာတာပါပဲ။ ဂါနာချိုဆိုရင် မက်တိုမီနေးထက် အများကြီး လိမ်နိုင်၊ သယ်နိုင်ပေမဲ့ ဘောလုံးထိချက်နဲ့ ကန်ချက်၊ ကန်ဖို့ ကိုယ်နေဟန်ထားယူပုံ၊ ဘောလုံးနဲ့ ခြေထောက်အကွာအဝေးကို ဗီဇအသိနဲ့တွက်ဆပုံတွေမှာ အားနည်းချက်အပြည့်နဲ့ပါ။ ဒါက ပင်ကိုယ်အရည်အချင်းတွေပါပဲ။
ဆိုးရှားလက်ထက်နဲ့ မော်ရင်ညိုလက်ထက်မှာ မက်တိုမီနေး၊ ဖရက်ဒ်၊ ပေါ့ဘာတို့ကို နံပါတ် ၆ အဖြစ် သုံးတာ၊ အန်ဒါ ဟာရဲရားကို နံပါတ် ၆ အဖြစ်သုံးတာ၊ ဆိုးရှားလက်ထက်မှာ နံပါတ် ၆ လိုတယ်ဆိုပြီး ဗန်ဒီဘိကို ဝယ်လိုက်တာတွေကအစ အသင်းဟာ Sporting Guide Line ရော Footballing Guide Line ရော ဘယ်လောက် စုတ်ပြတ်ခဲ့သလဲ မြင်သာခဲ့ပါတယ်။
နောက်ဆုံးတစ်ချက်ကတော့ နည်းပြတွေနဲ့အတူ နည်းစနစ်မတည်ငြိမ်တာပါ။ ဆာအဲလက်စ်အထွက် မှာ သူ့လိုပဲ ၄-၄-၂ ကို အားပြုပြီး Pragmatic လို့ခေါ်တဲ့ အခြေအနေအလိုက် ပြောင်းလဲကစားတတ် တဲ့ မိုယက်စ်ကို အစားထိုးခဲ့ပေမဲ့ စိတ်မရှည်ခဲ့သလို ကစားသမားလည်း လုံလောက်အောင် ခေါ်မပေး ခဲ့တာကြောင့် ကျရှုံးခဲ့ပြီး ပြန်ခေါ်တော့ ၃ ယောက်တန်း ခံစစ်နဲ့ ၃-၅-၂ ဘောလုံးကိုင်ကစားချင်သူ ဗန် ဟားကိုပါ။ ဗန်ဟားနေရာမှာ အစားထိုးလိုက်တော့ ၄-၂-၃-၁- ကွင်းလယ် ၅ ယောက်စနစ်ကို သုံးတဲ့ ခံစစ်အားပြုနည်းပြ မော်ရင်ညိုပါ။ နည်းစနစ်ချင်း ကွာသွားတာနဲ့ နည်းပြတစ်ယောက်အတွက်ခေါ် ထားတဲ့ ကစားသမားတွေက လိုက်ပြောင်းလဲရပြန်ပါတယ်။ မော်ရင်ညိုထွက်သွားတော့ Quick-Counter ကစားဟန်ကို ကစားမယ့် ဆိုးရှားရောက်လာပြီး ဆိုးရှားထွက်တော့ တန်ဟက်က 3 Back ကို အသက်သွင်းဖို့ လုပ်လိုက်၊ ၃-၁-၆ ကို ပုံသွင်းဖို့လုပ်လိုက်၊ ပြီးတော့ Quick-transaction ကစား ဟန် ကိုပြန်ပြောင်းလိုက်နဲ့ သူတစ်ယောက်တည်းကို မတည်ငြိမ်ပြန်ပါဘူး။ နောက် ရူဘင် အမိုရင် ရောက်လာပြန်တော့ ၃-၄-၃ ကို လုံးဝလက်မလွှတ်ဘဲ Wing-Back တွေ လိုအပ်လာသလို Wide Winger တွေ များနေတဲ့အသင်းမှာ Narrow No.10 တွေ တောင်းဆိုလာပြန်ပါတယ်။ ဒါက အဓိက အချက်ပါပဲ။
ယူနိုက်တက်ကစားသမားတွေကို အထိုင်ကျနေတဲ့ ကစားဟန်နဲ့ စနစ်ကလည်း အကာအကွယ်မပေး ထားသလို၊ နေ့ညမပြတ်စောင့်ကြည့်နေတဲ့ မီဒီယာကလည်း အိုနာနာ သော့လွတ်ကျတာကအစ အလွတ်မပေးပါဘူး။ ဘက်တစ်အသင်းရှိရာ ဆီဗီးမြို့နဲ့ နာပိုလီအသင်းရှိရာ နေပယ်မြို့ကနေ မက်တို မီနေးနဲ့ အန်တိုနီတို့ ပုဂ္ဂိုလ်ရေးသတင်း ဘာများထွက်တာ ကြားဖူးလို့လဲ။
ဆိုတော့ ဒါတွေက ယူနိုက်တက်ကို ကျိန်စာလိုဖြစ်စေတဲ့ အစိတ်အပိုင်းတွေပါပဲ။ ပရိသတ်တွေကရော အသင်းတာဝန်ရှိသူတွေကပါ ဒါကို မမြင်၊ ဒါကို မပြင်ရင် ပြောင်းလဲဖို့ ခက်ခဲပါလိမ့်ဦးမယ်။