Kick Spot

Kick Spot

Share

ဘောလုံးပွဲသတင်းများ ၊ ပွဲကြိုခန့်မှန်းချက်များ နှင့် Highlights များကြည့်ရှုနိုင်ပါတယ်

16/03/2026

ချဲလ်ဆီးအသင်း လျှို့ဝှက်ငွေပေးချေမှုတွေအတွက် ပေါင် ၁၀ သန်း ဒဏ်ရိုက်ခံရ

ချဲလ်ဆီးအသင်းဟာ ၂၀၁၁ ခုနှစ်မှ ၂၀၁၈ ခုနှစ်အတွင်း အပြောင်း အရွှေ့ကိစ္စတွေမှာ မှတ်ပုံတင်မထားတဲ့ အေးဂျင့်တွေနဲ့ ပေါင် ၄၇သန်းအထိတန်ဖိုးရှိတဲ့ လျှို့ဝှက်ငွေပေးချေမှုတွေကို ပြုလုပ်ခဲ့တာကြောင့် ပေါင် ၁၀သန်း ဒဏ်ရိုက်ခံခဲ့ရပါတယ်။ ဒါဟာ ပရီးမီးယားလိဂ်သမိုင်းတစ်လျှောက် အမြင့်ဆုံးဒဏ်ငွေဖြစ်ပြီး ၂၀၀၇ ခုနှစ်က ဝက်စ်ဟမ်းကို ဒဏ်ရိုက်ခဲ့တဲ့ ပေါင် ၅.၅သန်းထက်ပိုများခဲ့တာပါ

အီဒင် ဟာဇတ်၊ ဆယ်မြူရယ် အီတိုး၊ ဝီလီယန်၊ ရာမီရက်စ်၊ ဒေးဗစ် လူဝစ်ဇ်နဲ့ မာတစ်တို့ရဲ့ အပြောင်းအရွှေ့တွေနဲ့ ဆက်စပ်နေတဲ့ ဒီငွေပေးချေမှုတွေကို အဘရာမိုဗစ်ချ် ပိုင်ဆိုင်စဉ်ကာလအတွင်း ပြုလုပ်ခဲ့တာဖြစ်ပြီး ချဲလ်ဆီးအသင်းအနေနဲ့ စွဲချက်များကို လက်ခံခဲ့ပါတယ်။ တော့ဒ် ဘိုလီအဖွဲ့ က၂၀၂၂ ခုနှစ်မှာ အသင်းကိုဝယ်ယူပြီးနောက် ချဲလ်ဆီးက ဖြစ်နိုင်ခြေရှိတဲ့ ချိုးဖောက်မှုများကို မိမိဆန္ဒအလျောက် တိုင်ကြားခဲ့တာကြောင့် ပေါင် ၂၀ သန်းဒဏ်ငွေကို ၅၀% လျှော့ပေါ့ပေးခဲ့တယ်လို့ ပရီးမီးယားလိဂ်က ဆိုပါတယ်

14/03/2026

နိုင်ပွဲ၁၀၀ ပြည့်စံချိန်သစ်တင်နိုင်ခဲ့တဲ့ အူနိုင်းအမ်မရီ

အက်စတွန်ဗီလာနည်းပြ အူနိုင်းအမ်မရီဟာ ကလပ်သမိုင်းတစ်လျှောက်နိုင်ပွဲ ၁၀၀ကို အမြန်ဆုံးရောက်ရှိခဲ့တဲ့ နည်းပြဖြစ်လာခဲ့ပါတယ်။ ယူရိုပါလိဂ် နောက်ဆုံး ၁၆ သင်းအဆင့် ပထမအကျော့မှာ ၂-၁ ဂိုးနဲ့ အနိုင်ရခဲ့တဲ့ပွဲဟာ စပိန်နည်းပြအတွက် ဗီလာမှာ ၁၈၁ ပွဲကိုင်တွယ်ခဲ့ပြီး ပွဲ၁၀၀ပြည့် အနိုင်ရရှိအောင် စွမ်းဆောင်နိုင်ခဲ့တာပါ

၂၀၂၂ ခုနှစ် အောက်တိုဘာလက အဆိုပါတာဝန်ယူခဲ့တဲ့ အမ်မရီဟာ ကလပ်သမိုင်းမှာ အကောင်းဆုံးအနိုင်ရရာခိုင်နှုန်း (၅၅.၂%) ကို ပိုင်ဆိုင်ထားပြီး ပရီးမီးယားလိဂ်နည်းပြတွေထဲမှာတော့ ဂွါဒီရိုလာ (၁၃၇)ပွဲ နဲ့ အာတီတာ (၁၁၈)ပွဲ တို့ပြီးရင် တတိယမြောက် အနိုင် ၁၀၀ ပြည့်ခဲ့သူလည်းဖြစ်ပါတယ်

လက်ရှိရီးမီးယားလိဂ်ရဲ့ စတုတ္ထနေရာမှာ ရပ်တည်နေတဲ့ ဗီလာဟာ တနင်္ဂနွေနေ့မှာ တတိယနေရာက မန်ချက်စတာယူနိုက်တက်နဲ့ အဝေးကွင်းပွဲစဉ် ဆက်လက်ကစားရမှာဖြစ်ပါတယ်

12/03/2026

ချဲလ်ဆီးအသင်းရောင်းရငွေများ ပရဟိတဖောင်ဒေးရှင်းသို့ လွှဲပြောင်းရေးရပ်ဆိုင်း

ရိုမန် အဘရာမိုဗစ်ချ်ရဲ့ ယူကေအခြေစိုက် Fordstam Ltd ကုမ္ပဏီ၏ နောက်ဆုံးဘဏ္ဍာရေးစာရင်းများအရ ချဲလ်ဆီးအသင်းရောင်းချမှုမှ ရရှိငွေ စုစုပေါင်း ပေါင် ၂.၃၅ ဘီလီယံအနက် ပေါင် ၉၈၇ သန်းကိုသာ ပရဟိတဖောင်ဒေးရှင်းသို့ လွှဲပြောင်းပေးရန် သဘောတူညီထားကြောင်း ဖော်ပြလာပါတယ်။ ကျန်ငွေ ပေါင် ၁.၄ ဘီလီယံကို အဘရာမိုဗစ်ချ်နဲ့ ဆက်စပ်နေတဲ့ Camberley International Investments ကုမ္ပဏီက ချေးငွေအဖြစ် ချဲလ်ဆီးအသင်းကို ထုတ်ချေးခဲ့ခြင်းဖြစ်ပါတယ်

၂၀၂၂ ခုနှစ် ချဲလ်ဆီးအရောင်းအချိန်က အဘရာမိုဗစ်ချ်က ရောင်းရငွေအားလုံးကို ယူကရိန်းစစ်ဘေးဒုက္ခသည်များအတွက် လှူဒါန်းမည်ဟု ကြေညာခဲ့သော်လည်း လက်ရှိမှာတော့ အဘရာမိုဗစ်ချ်နှင့် ဆက်စပ်နေတဲ့ ပိုင်ဆိုင်မှုများ ရာဇဝတ်မှုမှရရှိခြင်း ရှိ/မရှိ စုံစမ်းစစ်ဆေးနေတာကြောင့် ယင်းငွေတွေကို ပရဟိတဖောင်ဒေးရှင်းသို့ လွှဲပြောင်းရေးမှာ ရပ်ဆိုင်းနေခဲ့ပါတယ်။ အဘရာမိုဗစ်ချ်ကတော့ အဆိုပါစွပ်စွဲချက်များကို ပြင်းပြင်းထန်ထန် ငြင်းဆိုထားပါတယ်

12/03/2026

ကမ္ဘာ့ဖလားတွင်မပါဝင်နိုင်ဟု အီရန်အားကစားဝန်ကြီးဆို

အီရန်နိုင်ငံအနေနဲ့ ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ပါဝင်နိုင်တဲ့အခြေအနေမျိုး မရှိဘူးလို့ နိုင်ငံရဲ့ အားကစားနဲ့လူငယ်ရေးရာဝန်ကြီး ဒေါန်ယာမာလီက ပြောကြားလိုက်ပါတယ်။ အမေရိကန်၊ ကနေဒါနဲ့ မက္ကဆီကိုတို့က ပူးတွဲအိမ်ရှင်အဖြစ် ဇွန် ၁၁ ရက်မှာ စတင်မယ့် ပြိုင်ပွဲအတွက် အီရန်ဟာ နယူးဇီလန်၊ ဘယ်လ်ဂျီယံနဲ့ အီဂျစ်တို့နဲ့ အုပ်စုအဆင့် ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်

ဖီဖာဥက္ကဋ္ဌ အင်ဖန်တီနိုကတော့ အမေရိကန်သမ္မတ Trump က အီရန်အသင်းကို "ဝင်ရောက်ယှဉ်ပြိုင်ဖို့ ကြိုဆိုပါတယ်"လို့ဆိုခဲ့ပေမယ့် အီရန်ဘက်က ဆက်လက် ငြင်းဆန်နေဆဲပဲဖြစ်ပါတယ်။ အကယ်၍ အီရန် နုတ်ထွက်ခဲ့မယ်ဆိုရင် အစားထိုးအသင်းကို ဖီဖာက ဆုံးဖြတ်သွားရမှာဖြစ်ပြီး အီရတ် ဒါမှမဟုတ် ယူအေအီးတို့ ဖြစ်လာနိုင်ခြေရှိပါတယ်

19/02/2026

အလွန်ဆိုက မာဆေးအသင်းကို ငြင်းပယ်

ရီးရယ်လ်ကနေ ထုတ်ပယ်ခံခဲ့ရတဲ့ အလွန်ဆိုဟာ မာဆေးအသင်းရဲ့ နည်းပြချုပ်နေရာအတွက် ကမ်းလှမ်းချက်ကို ချက်ချင်းငြင်းပယ်ခဲ့တယ်လို့ သိရပါတယ်။ အသက် ၄၄ နှစ်အလွန်ဆိုဟာ ရီးရယ်လ်မှာ၇လသာ နည်းပြခဲ့ရတာပါ။ နည်းပြသစ်ရှာဖွေနေတဲ့ မာဆေးအသင်းက အလွန်ဆိုကို ဆက်သွယ်ခဲ့ပေမယ့် ချက်ချင်းပဲ ငြင်းပယ်ခံခဲ့ရတယ်လို့ ပြင်သစ်မီဒီယာတွေက ဖော်ပြပါတယ်

မာဆေးအသင်းဟာ ဖေဖော်ဝါရီ ၈ ရက်က ပီအက်စ်ဂျီကို ၅-၀ နဲ့ အရေးနိမ့်ခဲ့တဲ့ပွဲအပြီးမှာ နည်းပြဒီဇာဘီနဲ့လမ်းခွဲခဲ့ကြတာဖြစ်ပါတယ်။ အလွန်ဆိုဟာ လက်ရှိမှာ လီဗာပူးလ်အပါအဝင် ဥရောပထိပ်တန်းကလပ်တွေနဲ့ ဆက်သွယ်မှုတွေရှိနေပြီး နောက်ထပ်ခြေလှမ်းအတွက် အခွင့်အရေးသစ်တွေကို အေးအေးဆေးဆေး ရွေးချယ်နေပါတယ်

19/02/2026

ချဲလ်ဆီး အကယ်ဒမီကြယ်ပွင့် ဂျော့ဘ်လင်း တော့တင်ဟမ်ဆီ ပြောင်းရွှေ့

ချဲလ်ဆီးအသင်းရဲ့ ခံစစ်မှူးလေး ဂျော့ဂျ် ဂျော့ဘ်လင်းဟာ အောင်မြင်တဲ့ ခြေစမ်းပွဲကာလအပြီးမှာတော့ တော့တင်ဟမ်အသင်းနဲ့စာချုပ် ချုပ်ဆိုနိုင်ခဲ့တယ်လို့ သိရပါတယ်။ အင်္ဂလန် ယူ-၁၆ အသင်းခေါင်းဆောင်လည်းဖြစ်တဲ့ ဒီလူငယ်ကစားသမားရဲ့ စွမ်းရည်ကို တော့တင်ဟမ်နည်းပြတွေက သဘောကျခဲ့ကြပါတယ်။ အံ့အားသင့်စရာကောင်းတာက ချဲလ်ဆီးအသင်းက ဒီဆယ်ကျော်သက်ကစားသမားကို ပရီးမီးယားလိဂ်ပြိုင်ဘက်ထံကို လျော်ကြေးငွေတောင်မယူဘဲ သွားခွင့်ပြုလိုက်တာဖြစ်ပါတယ်

ဂျော့ဘ်လင်းကို ခေါ်ယူနိုင်ခဲ့တာဟာ တော့တင်ဟမ်အကယ်ဒမီအတွက် ကြီးမားတဲ့အောင်မြင်မှုတစ်ခုဖြစ်ပြီး ကစားသမားရဲ့ ရေရှည်အနာဂတ်ကိုလည်း အာမခံထားပါတယ်။ ချဲလ်ဆီးအကယ်ဒမီကနေ ထွက်ခွာခဲ့ရတာဟာ လူငယ်အသင်းခေါင်းဆောင်တစ်ဦးကို ပြိုင်ဘက်အသင်းဆီ လက်လွှတ်လိုက်ရတဲ့ ရှားပါးဖြစ်ရပ်တစ်ခုဖြစ်ပြီး ဒီကစားသမားက သူ့ရဲ့စွမ်းရည်အပြည့်ကို ပြသနိုင်ခဲ့မယ်ဆိုရင်တော့ ချဲလ်ဆီးအတွက် နောင်တရစရာပါပဲ

19/02/2026

လက်စတာက ခြောက်မှတ်ပြစ်ဒဏ်ကို အယူခံဝင်

လက်စတားစီးတီးအသင်းဟာ အင်္ဂလိပ်ဘောလုံးလိဂ် (EFL) ဘဏ္ဍာရေးစည်းမျဉ်းတွေကို ချိုးဖောက်ခဲ့တဲ့အတွက် ချမှတ်ခဲ့တဲ့ ခြောက်မှတ်ပြစ်ဒဏ်ကို အယူခံဝင်လိုက်ပါတယ်။ လွတ်လပ်တဲ့စုံစမ်းစစ်ဆေးရေးကော်မရှင်က ဒီလအစောပိုင်းမှာ ချမှတ်ခဲ့တဲ့ ဒီပြစ်ဒဏ်ကြောင့် လက်စတာအသင်းဟာ ချန်ပီယံရှစ်အမှတ်ပေးဇယားမှာ ၂၀ နေရာအထိ ကျဆင်းသွားခဲ့ပြီး ဂိုးကွာခြားချက်နဲ့သာ တန်းဆင်းဇုန်အပြင်ဘက်မှာ ရပ်တည်ခဲ့ရပါတယ်။ အဲဒီနောက်ပိုင်း နှစ်ပွဲဆက်တိုက်ရှုံးနိမ့်ခဲ့တဲ့အတွက် လက်စတာဟာ အခုအခါ တန်းဆင်းဇုန်ထဲကို ရောက်ရှိသွားပါတယ်

17/02/2026

ချန်ပီယံလိဂ် ပလေးအော့ဖ် ကန်ရတာဟာ ကောင်းတာလား ဆိုးတာလား

ချန်ပီယံလိဂ် ပြိုင်ပွဲဟာ ဒီရက်ပိုင်း ပြန်စတင်တော့မှာဖြစ်ပြီး ဥရောပထိပ်သီးအသင်းကြီးတချို့ဟာ သူတို့မျှော်လင့်ထားတာထက် စောစီးစွာ ပြန်လည်ကစားကြရတော့မှာပါ။ စက်တင်ဘာလကနေ ဇန်နဝါရီလအထိ ကစားခဲ့တဲ့ လိဂ်အဆင့်မှာ အသင်း ၃၆ သင်းက ၈ ပွဲစီ ကစားခဲ့ပြီး ထိပ်ဆုံး ၈ သင်းက နောက်ဆုံး ၁၆ သင်းအဆင့်ကို တိုက်ရိုက်တက်ရောက်ခဲ့ကာ အောက်ဆုံး ၁၂ သင်းကတော့ ထွက်ခွာခဲ့ရပါတယ်။ ၉ ကနေ ၂၄ နေရာအထိ ရပ်တည်ခဲ့တဲ့အသင်းတွေကတော့ နှစ်ကျော့ကစားရမယ့် ပလေးအော့ဖ်အဆင့်ကို ဆက်လက်ကစားကြရမှာဖြစ်ပြီး အနိုင်ရတဲ့ ၈ သင်းကသာ နောက်ဆုံး ၁၆ သင်းထဲကို ဝင်ရောက်ခွင့်ရမှာပါ

လက်ရှိချန်ပီယံ ပီအက်စ်ဂျီအသင်းဟာ ဒီအသင်းတွေထဲမှာ ပါဝင်နေပြီး ၂၀၂၅ ဖိုင်နယ်မှာ သူတို့အနိုင်ရခဲ့တဲ့ အင်တာမီလန်လည်း ပါဝင်နေပါတယ်။ ဥရောပချန်ပီယံဆု ၁၅ ကြိမ်ရရှိထားတဲ့ ရီးရယ်လ်အပါအဝင် ဂျူဗင်တပ်၊ ဒေါ့မွန့်နဲ့ ဘင်ဖီကာတို့လည်း ထိပ်ဆုံး ၈ သင်းထဲမှာ မပါဝင်နိုင်ခဲ့ပါဘူး

အင်္ဂလန်က ၆ သင်းထဲက ၅ သင်းက ထိပ်ဆုံး ၈ သင်းထဲမှာ ပါဝင်ခဲ့ပြီး အာဆင်နယ်က ၈ ပွဲအနိုင်နဲ့ ပထမနေရာရယူထားပါတယ်။ လီ ဗာပူးလ်က တတိယ၊ တော့တင်ဟမ်က စတုတ္ထ၊ ချဲလ်ဆီးက ဆဋ္ဌမနဲ့ မန်စီးတီးကတော့ အဋ္ဌမနေရာတွေမှာ ရပ်တည်ခဲ့တာမို့ နယူးကာဆယ်ပဲ ပလေးအော့ဖ်အဆင့်ကနေ ဆက်လက်ကစားရမှာပါ

ဒါပေမယ့် ပလေးအော့ဖ်အဆင့်က ချန်ပီယံဆုအိပ်မက်ကို ပျက်စီးစေတဲ့အရာလားဆိုတော့ မဟုတ်ပြန်ပါဘူး။ ပြီးခဲ့တဲ့ရာသီက ပီအက်စ်ဂျီအသင်းဟာ အုပ်စုအဆင့်မှာ အဆင့်၁၅ နေရာနဲ့ ပြီးဆုံးခဲ့ပေမယ့် နောက်ဆုံးမှာတော့ ချန်ပီယံဆုကို ရယူနိုင်ခဲ့တာက အကောင်းဆုံးသာဓကပါပဲ

17/02/2026

အင်္ဂလန်အသင်း ကမ္ဘာ့ဖလားခရီးစဉ်ကို ဘယ်သူတွေ လွဲချော်မလဲ၊ ဘယ်သူတွေ သေချာနေပြီလဲ

ကမ္ဘာ့ဖလား ပြိုင်ပွဲကြီး စတင်ဖို့ ၄ လသာ လိုတော့တဲ့အချိန်မှာ အင်္ဂလန်အသင်းနည်းပြ သောမတ်စ် တူချယ်ဟာ ခရိုအေးရှားနဲ့ ပထမဆုံးပွဲစဉ်အတွက် ကစားသမားစာရင်းကို ချိန်ဆနေပါပြီ။ လာမယ့် မတ်လမှာ ဥရုဂွေးနဲ့ ဂျပန်အသင်းတို့ကို အိမ်ကွင်းမှာ ကစားမယ့် ချစ်ကြည်ရေးပွဲစဉ်တွေဟာ ကမ္ဘာ့ဖလားခရီးစဉ်အတွက် ဘယ်သူတွေ ပါဝင်မလဲဆိုတာကို အနီးစပ်ဆုံးဖော်ပြမယ့် ပွဲတွေဖြစ်လာမှာပါ

မန်ယူနိုက် တက်အသင်းက ဟယ်ရီ မက်ဂွိုင်ယာ၊ ကိုဘီ မိုင်နူးနဲ့ လုခ်ရှော့တို့ ပြန်လည်ပါဝင်လာနိုင်တယ်လို့ သတင်းတွေထွက်နေတာမို့ ကမ္ဘာ့ဖလားကိုလိုက်ပါနိုင်ဖို့ ပရီးမီးယားလိဂ်ကြယ်ပွင့်တွေကြား ပြိုင်ဆိုင်မှုတွေ ပိုမိုပြင်းထန်လာနေပါတယ်

တူချယ်ရဲ့ ပုံမှန်စာရင်းမှာ ကစားသမား ၁၆ယောက် လောက်က နေရာအာမခံချက်ရှိနေပြီး ကျန် ၂၆ယောက်ကတော့ လက်ကျန်ရာသီအတွင်း နေရာရဖို့ အပြိုင်အဆိုင် ကစားကြရမှာပါ။ ဖီး ဖိုဒန်၊ အန်တိုနီ ဂေါ်ဒွန်၊ ထရန့် အလက်ဇန်းဒါး-အာနိုး၊ မန်ယူနိုက်တက်ကြယ်ပွင့်တွေ အပါအဝင် ထိပ်တန်းကစားသမားတွေဟာ ကမ္ဘာ့ဖလားခရီးစဉ် လွဲချော်မလား ဆိုတဲ့ စိုးရိမ်မှုတွေနဲ့ ရင်ဆိုင်နေရတယ်

Photos from Kick Spot's post 16/02/2026

`အီဂေါ တူဒေါ တော့တင်ဟမ်ကိုရောက်ပြီ ‘

တော့တင်ဟမ်ဟော့စပါးအသင်းရဲ့ ရလာဒ်ဆိုးတွေကနေကယ်တင်ဖို့ ယာယီနည်းပြချုပ် အီဂေါ တူဒေါ ရောက်ရှိလာခဲ့ပြီဖြစ်ပြီး သူ့ရဲ့ ပထမဆုံးတရားဝင်အလုပ်စတဲ့ရက်မှာပဲ အဓိကကျတဲ့ အပြောင်းအလဲတွေကို စတင်လုပ်ဆောင်ခဲ့ပါတယ်။ သောကြာနေ့မှာပဲ တူဒေါဟာ ထုတ်ပယ်ခံခဲ့ရတဲ့ သောမတ်စ် ဖရန့်ခ်နေရာကို အစားထိုးပြီး ရာသီကုန်အထိ ယာယီနည်းပြချုပ် တာဝန်ယူဖို့သဘောတူခဲ့တာပါ

သူ့ရဲ့ ပထမဆုံးနေ့မှာပဲ လေ့ကျင့်ရေးကွင်းမှာ နည်းစနစ်အသစ်တွေ စတင်အသုံးပြုခဲ့ပြီး ကစားသမားတွေနဲ့ တစ်ဦးချင်းစီ ဆွေးနွေးမှုတွေ ပြုလုပ်ကာ အသင်းရဲ့ ခံစစ်နဲ့ တိုက်စစ် ဟန်ချက်ညီမှုကို အလေးပေး လုပ်ဆောင်နေတယ်လို့ သိရပါတယ်

တူဒေါက သူ့ယုံကြည်ရတဲ့သူတွေကိုပါ ခေါ်လာခဲ့ပြီး (၃၂) ရက်ပဲရှိသေးတဲ့ လက်ထောက်နည်းပြဂျွန် ဟိုင်တင်ဂါအပါအဝင် နည်းပြအဖွဲ့ဝင် သုံးဦးကို ထုတ်ပယ်ပြီး အီဗန် ယာဗောချစ် (လက်ထောက်နည်းပြ)၊ ရစ်ကာဒို ရာဂါနာချီ (ကာယကြံ့ခိုင်ရေးနည်းပြ) နဲ့ တိုမစ်ဆလပ် ရိုဂစ် (ဂိုးနည်းပြ) တို့ကို ခန့်အပ်ခဲ့ပါတယ်

Want your business to be the top-listed Gym/sports Facility in Yangon?

Click here to claim your Sponsored Listing.

Location

Website

Address

Yangon
11111

Opening Hours

Monday 09:00 - 18:00
Tuesday 09:00 - 18:00
Wednesday 09:00 - 18:00
Thursday 09:00 - 18:00
Friday 09:00 - 18:00
Saturday 09:00 - 18:00
Sunday 09:00 - 18:00