22/08/2026
ချစ်ရသူတွေကြားထဲမှာ EQ မရှိတဲ့အခါ ဘာကြောင့် အသေးအဖွဲကိစ္စလေးတွေကအစ ရန်ဖြစ်ရသလဲ?
အပြင်လောကနဲ့လုပ်ငန်းခွင်မှာတော့အားလုံးကလေးစားရပြီးတော့မှစိတ်ရှည်တဲ့သူတစ်ယောက်ဖြစ်နေရဲ့သားနဲ့ အိမ်ပြန်ရောက်ပြီးတော့မှကိုယ်ချစ်တဲ့သူတွေနဲ့ကျတော့မှဘာဖြစ်လို့အသေးအဖွဲကိစ္စလေးကအစ စကားများရန်ဖြစ်နေရတာလဲ။
ညစာစားဖို့နောက်ကျတာ၊ ဖုန်းလေးမကိုင်မိတာ၊ ဒါမှမဟုတ်လေသံလေးနည်းနည်းလေးမာသွားတာကအစ ဘာဖြစ်လို့ကမ္ဘာပျက်မတတ်ပြဿနာတွေဖြစ်နေကြရတာလဲ။
တကယ်တော့ ဒါဟာ အချစ်မရှိလို့မဟုတ်ပါဘူး။ တစ်ယောက်နဲ့တစ်ယောက်ကြားမှာ EQ လို့ခေါ်တဲ့ emotional intelligence တွေအားနည်းနေလို့ပဲဖြစ်ပါတယ်။ ကျွန်မတို့တွေက အပြင်လောကမှာ stress တွေကိုပိတ်လှောင်ထားပြီးတော့ အိမ်ပြန်ရောက်တဲ့အခါ ကိုယ်ချစ်ရတဲ့သူတွေရဲ့အပေါ်ကြမှပဲ အဲ့ဒီပိတ်လှောင်ထားမိတဲ့ stress တွေကို ပေါက်ကွဲပြီးတော့မှ အပြစ်ပုံချတတ်ကြလို့ပဲဖြစ်ပါတယ်။
ဒါဆိုရင် ကိုယ်ချစ်ရတဲ့သူတွေနဲ့ ဆက်ဆံရေးမှာ အသေးအဖွဲကိစ္စလေးကအစ ရန်မဖြစ်ရအောင်လို့ EQ ကို ဘယ်လိုသုံးမလဲဆိုတာကို အချက်ကလေးသုံးချက်အနေနဲ့ ဒီ post လေးမှာမျှဝေပေးသွားပါမယ်။
ပထမဆုံးအချက်ကတော့ reaction မလုပ်ဘဲနဲ့ response ပဲလုပ်ပါ။ တစ်ဖက်လူကအလိုမကျလို့စကားကိုဆောင့်ပြီးပြောလိုက်တဲ့အခါမှာ ဒေါသစိတ်နဲ့အလိုအလျောက်ပြန်ပြီးတော့မှ Reaction လုပ်မိတတ်တယ်။ EQ မြင့်တဲ့သူကကျတော့ ဒီနေရာမှာချက်ချင်း react ပြန်မလုပ်ဘဲနဲ့ သူအလုပ်မှာ ဘာအဆင်မပြေဖြစ်လာလို့ ငါ့ကိုဒီလိုပုံစံတွေပြောနေတာလဲမသိဘူးဆိုပြီးတော့ ခဏလောက်လေးငြိမ်နေလိုက်ပြီးတော့မှ သေသေချာချာစဉ်းစားပြီးတော့ Response ပြန်ပြီးတော့မှလုပ်တတ်ပါတယ်။
ဒုတိယတစ်ချက်ကကျတော့ နိုင်အောင်ပြောဖို့ပဲမစဉ်းစားဘဲနဲ့ ပြဿနာပြေလည်အောင်ဘယ်လိုလုပ်မလဲဆိုတာကိုပဲအာရုံစိုက်ကြည့်ပါ။ ရန်ဖြစ်ကြတဲ့အခါမှာဆိုရင် ကျွန်မတို့တွေက တစ်ယောက်နဲ့တစ်ယောက် ငါမှန်တယ်ဆိုတာကိုပဲ သက်သေပြဖို့ပဲ ကြိုးစားနေကြတယ်ပေါ့နော်။ ဒါပေမဲ့ အငြင်းပွားမှုမှာ ကိုယ်ကနိုင်သွားတယ်ဆိုရင်တောင်မှ ကိုယ်ချစ်ရတဲ့လူကကိုယ့်ရဲ့အဲ့ဒီအငြင်းပွားမှုကြောင့်ကိုယ့်ကိုစိတ်နာသွားတယ်ဆိုရင် ဒါမှန်ကန်တဲ့အောင်မြင်မှုတစ်ခုမဟုတ်ပါဘူး။ ငါနဲ့မင်းနဲ့နှစ်ယောက်က တိုက်ပွဲဝင်နေတာမျိုးမဟုတ်ဘဲနဲ့ ငါတို့နှစ်ယောက်ပေါင်းပြီးဒီပြဿနာကိုဘယ်လိုဖြေရှင်းရမလဲဆိုတာကိုပဲစဉ်းစားရမှာပါ။ ပြဿနာကိုပဲ focus မထားဘဲနဲ့ Solution ကိုပဲကျွန်မတို့ focus ထားရမှာပဲဖြစ်ပါတယ်။
နောက်ဆုံးအချက်အနေနဲ့ကကျတော့ Active listening လို့ခေါ်တဲ့ သေသေချာချာနဲ့အမှန်တကယ်နားထောင်ပေးတတ်ခြင်းပဲဖြစ်ပါတယ်။ တစ်ဖက်လူကကိုယ့်ကိုစကားပြောနေတဲ့အချိန်မှာ ငါဘာပြန်ပြောရမလဲဆိုတာကိုပဲတွေးမနေပါနဲ့။ သူဘာကြောင့်စိတ်ဆိုးနေလဲ၊ သူ့ရဲ့လိုအပ်ချက်ကဘာလဲဆိုတဲ့ သူ့ရဲ့စကားလုံးတွေရဲ့နောက်ကွယ်ရာခံစားချက်ကို သတိရှိရှိ Mindfulness ရှိရှိလေးနဲ့ကျွန်မတို့ကနားထောင်ပေးပါ။ အဲ့လိုမျိုးလေးနားထောင်ပေးတဲ့အခါကျမှ ကျွန်မတို့ကသူ့ရဲ့ခံစားချက်ကိုနားလည်ပြီးတော့မှ သူနဲ့ကိုယ်နဲ့တကယ် connect ဖြစ်လာမှာပဲဖြစ်ပါတယ်။
အခုကျွန်မပြောသွားတဲ့အချက်ကလေးသုံးချက်ကို
လိုက်လုပ်ကြည့်ပေးပါ။ အဲ့လိုမျိုးလေးလုပ်လာတဲ့အခါမှာ ကျွန်မတို့ကိုယ်ချစ်ရတဲ့သူတွေနဲ့ဆက်ဆံတဲ့အခါမှာ ဒေါသအလျောက်တုံ့ပြန်မိတာမျိုးတွေ၊ စိတ်မြန်လက်မြန်နဲ့ဆုံးဖြတ်ချက်ချတာမျိုးတွေမဖြစ်တော့ဘဲနဲ့ ပိုပြီးတော့မှဆက်ဆံရေးတွေကောင်းမွန်လာပါလိမ့်မယ်။
16/08/2026
“အမှားတစ်ခု ကြုံလာရတဲ့အခါ လဲပြိုမသွားဘဲ စိတ်ဓာတ်ပြန်တက်ကြွလာစေမယ့် Mental Resilience (စိတ်ဓာတ်ကြံ့ခိုင်မှု)"
ဘဝမှာကိုယ်အများကြီးမျှော်လင့်ထားပြီးတော့ရင်းနှီးမြှုပ်နှံထားတဲ့စီးပွားရေးတစ်ခုဆုံးရှုံးသွားတဲ့အခါဒါမှမဟုတ်ကိုယ်ကအမှားတစ်ခုကိုလုပ်မိပြီးတော့မှလူတကာရဲ့ဝေဖန်မှုကိုခံရတဲ့အခါမှာလဲပြိုမတတ်ခံစားရပြီးတော့မှပြန်လည်ရုန်းထားဖို့စွမ်းအင်တွေကုန်ခံနေပြီလား။
အောင်မြင်သူတွေနဲ့ကျရှုံးသူတွေရဲ့ကွာခြားချက်က အမှားမလုပ်မိတာမဟုတ်ပါဘူး။ အမှားတစ်ခုကြုံလာတဲ့အခါမှာ ဘယ်လောက်မြန်မြန်ပြန်ထနိုင်လဲဆိုတဲ့ Mental resilience ပဲကွာခြားသွားတာပါ။ စိတ်ဓာတ်ကြံ့ခိုင်တယ်ဆိုတာကခံစားချက်မရှိဘဲနဲ့ ကျောက်ရုပ်လိုပဲနေနေတာမျိုးကိုမဆိုလိုပါဘူး။ နာကျင်မှုတွေကိုခံစားရတယ်ဆိုပေမဲ့အဲ့ဒီနာကျင်မှုထဲမှာပဲ ပိတ်မိမနေဘဲနဲ့ရှေ့ဆက်သွားနိုင်တဲ့စိတ်စွမ်းအားကိုဆိုလိုတာပါ။
ဒီ post မှာကျွန်မကအဲ့ဒီလဲကျတဲ့နေရာကနေပြီးတော့ ပိုမိုတောက်ပစွာနဲ့ပြန်လည်ထနိုင်မယ့်နည်းလမ်းသုံးခုကို မျှဝေပေးသွားမှာပဲဖြစ်ပါတယ်။
နံပါတ်တစ်အချက်အနေနဲ့ကကျတော့ ကျရှုံးမှုကိုဖြစ်ရပ်တစ်ခုအနေနဲ့ပဲမြင်လိုက်ပါ။
လူအများစုက ကိုယ်အမှားတစ်ခုကိုလုပ်လိုက်မိပြီဆိုရင် ငါကတော့အသုံးမကျတဲ့လူပဲဆိုပြီးတော့ ကိုယ့်ရဲ့ဖြစ်တည်မှုတွေကိုပါ သွားပြီးတော့မှအပြစ်တင်တတ်ပါတယ်။အမှန်တကယ်ကတော့ အဲ့ဒီအလုပ်တစ်ခုမှားသွားတယ်ဆိုတာက အခြေအနေတစ်ခုပဲဖြစ်ပြီးတော့သင့်ရဲ့တန်ဖိုးနဲ့ဘာမှမသက်ဆိုင်ပါဘူး။ အခြေအနေနဲ့ကိုယ့်ရဲ့ဖြစ်တည်မှုကိုသီးသန့်ခွဲခြားပြီး မြင်တတ်ဖို့လိုပါတယ်။
ဒုတိယတစ်ချက်ကတော့အဲ့ဒီအမှားကနေကိုယ် ဘာသင်ခန်းစာရသွားမလဲဆိုတာကိုပဲအာရုံစိုက်ပါ။ ဒီလိုကိစ္စတွေကဘာဖြစ်လို့ငါ့ကျမှလာဖြစ်ရတာလဲ
ဆိုပြီးတော့ညည်းတွားနေမယ့်အစား ဟုတ်ပြီငါဒီဖြစ်ရပ်ကနေဒီအမှားကနေ ဘယ်လိုသင်ခန်းစာယူရမလဲဘယ်လိုသင်ခန်းစာယူပြီးတော့မှရှေ့ဆက်ရမလဲဆိုတဲ့မေးခွန်းကိုပြောင်းမေးလိုက်ပါ။ ပြဿနာကိုပဲအာရုံစိုက်နေမယ့်အစား solution ဖြစ်တဲ့ အဖြေကိုအာရုံစိုက်လိုက်တဲ့အခါမှာသင့်ရဲ့ mindset ကလည်းပြောင်းလဲသွားပါလိမ့်မယ်
တတိယအချက်အနေနဲ့ကတော့ emotional regulation ကိုယ့်ရဲ့စိတ်ခံစားချက်တွေကို ထိန်းကျောင်းခြင်းပဲဖြစ်ပါတယ်။ စိတ်ဓာတ်ကျတဲ့အခါမှာ breathwork ဒါမှမဟုတ် mindfulness ကိုအသုံးပြုပြီးတော့မှ ကိုယ့်ရဲ့ nervous system ကိုတည်ငြိမ်သွားအောင်လို့ အရင်လုပ်လိုက်ပါ။ အဲ့လိုစိတ်က တည်ငြိမ်သွားတယ်ဆိုတော့မှ ကျွန်မတို့က ဦးနှောက်ဉာဏ်ပိုပြီးပွင့်သွားပြီးတော့ Strategy ကျကျ၊မဟာဗျူဟာကျကျ ကျွန်မတို့ဦးနှောက်က အလုပ်လုပ်ပြီးတော့ စဉ်းစားနိုင်မှာပဲဖြစ်ပါတယ်။
အဲ့ဒီတော့ စိန်ခေါ်မှုတွေ၊ အခက်အခဲတွေ၊ အမှားအယွင်းတွေဆိုတာက သင့်ကိုလဲပြုအောင်လုပ်ဖို့လာတာမဟုတ်ပါဘူး။ သင့်ရဲ့အတွင်းစိတ်နဲ့ ခံနိုင်ရည်ခြင်းကို ပိုပြီးတော့မှ မြင့်တက်သွားအောင်လို့ သွေးပေးမယ့်ကျောက်တောင်ကျောက်ဆောင်တွေလို့ပဲ မှတ်ထားလိုက်ပါ။ စိတ်ဓာတ်ကြံ့ခိုင်တဲ့သူတွေအတွက်က အဲ့ဒီအမှားတွေကနေပဲတစ်ဆင့်သင်ယူမယ်၊ သင်ခန်းစာယူပြီးတော့ အဲ့ဒီအမှားတွေကိုကျွန်မတို့ကလှေကားထစ်လိုအသုံးပြုပြီးတော့ပဲ တစ်ဆင့်ချင်းတစ်ဆင့်ချင်းအပေါ်ကိုတက်သွားရမှာပဲဖြစ်ပါတယ်။
အဲ့တော့ကျွန်မအခုပြောသွားတဲ့ နည်းလမ်းလေးသုံးချက်ကိုလိုက်လုပ်ကြည့်ပါ၊ လိုက်လုပ်ကြည့်ပြီးတော့ကိုယ်ဘယ်လိုပဲအခက်အခဲတွေနဲ့ပဲကြုံကြုံ ဝေဖန်တိုက်ခိုက်မှုတွေနဲ့ပဲကြုံကြုံလဲပြိုကျသွားရာကနေအမြဲတမ်းပြန်ပြီးတော့မှ ထနိုင်အောင်ကြိုးစားပါလို့ပြောချင်ပါတယ်။
16/08/2026
အောင်သုခတရားရိပ်သာမှာ 1.8.26 မှ 15.8.26 ထိ ၁၅ရက်တိုင်တိုင် အောင်မြင်စွာ တရားအားထုတ်ခဲ့ပြီးပါပြီ ✨😇
ယခုပြုလုပ်ခဲ့သမျှကောင်းမှုအစုစု ကို နတ်လူသာဓုခေါ်စေသော် 🙏
12/08/2026
“အရေးကြီးတဲ့ Business Decision (ဆုံးဖြတ်ချက်) တွေ ချခါနီးမှာ စိတ်ခံစားချက်နောက် မပါသွားအောင် ဘယ်လို တည်ငြိမ်အောင် ထိန်းမလဲ?”
လုပ်ငန်းခွင်မှာအကျပ်အတည်းတစ်ခုခုနဲ့ရင်ဆိုင်ရတဲ့အခါမှာပဲဖြစ်ဖြစ်ဒါမှမဟုတ်ငွေကြေးအမြောက်အများကိုရင်းနှီးမြှုပ်နှံရတော့မယ့်အခါမှာပဲဖြစ်ဖြစ်ကိုယ့်ရဲ့ကြောက်စိတ်တွေလောဘစိတ်တွေဒေါသစိတ်တွေကြောင့်ပေါ့နော်မှားယွင်းတဲ့ဆုံးဖြတ်ချက်တွေချလိုက်မိမှာကိုစိတ်ပူနေတာလား။
ခေါင်းဆောင်တစ်ယောက်ရဲ့နေရာကအမြဲတမ်းဖိအားတွေများတတ်ပါတယ်။ ဒါပေမဲ့အဲ့ဒီဖိအားတွေများလို့ဆိုပြီးတော့မှ ဖိအားတွေကြားထဲကနေပြီးတော့ ကျွန်မတို့ကစိတ်ခံစားချက်နောက်ကိုလိုက်ပြီးတော့မှ ဆုံးဖြတ်ချက်အမှားတွေချလိုက်မိတယ်ဆိုရင် မိမိကိုယ်ကိုယ်တင်သာမကဘဲနဲ့ပေါ့နော် ကိုယ့်ရဲ့ကုမ္ပဏီအဖွဲ့အစည်းတစ်ခုလုံးကိုပါ ထိခိုက်နစ်နာသွားတာမျိုးတွေရှိတတ်ပါတယ်။
တကယ့်တကယ်အောင်မြင်နေတဲ့လုပ်ငန်းရှင်တော်တော်များများကစိတ်လှုပ်ရှားနေတာဒါမှမဟုတ်ဒေါသထွက်တယ်ဆိုတဲ့အချိန်မျိုးတွေမှာ ဘယ်တော့မှဆုံးဖြတ်ချက်တစ်ခုကိုမချပါဘူး။ သူတို့တွေဟာ သူတို့ရဲ့တည်ငြိမ်မှုကိုပဲ အသုံးပြုပြီးတော့ သူတို့ရဲ့စိတ်ခံစားချက် personal feeling တွေနဲ့ Strategic decision မဟာဗျူဟာကျကျဆုံးဖြတ်ချက်ချရမယ့်အပိုင်းတွေ နှစ်ပိုင်းကိုဘယ်လိုမျိုးခွဲခြားထားလဲဆိုတာကို အချက်ကလေးသုံးချက်လေးနဲ့မျှဝေပေးသွားမှာပဲ ဖြစ်ပါတယ်။
ပထမဆုံးတစ်ချက်ကတော့ “The 24-hour rule”
နှစ်ဆယ့်လေးနာရီစောင့်ဆိုင်းခြင်းနည်းဗျူဟာကို
အသုံးပြုပါ။
စိတ်လှုပ်ရှားစရာကမ်းလှမ်းမှုတစ်ခုခုကိုကြုံရတာပဲ
ဖြစ်ဖြစ်ဒါမှမဟုတ်ဝန်ထမ်းတစ်ယောက်က ဒေါသထွက်စရာအပြုအမူကိုလုပ်တဲ့အခါမှာပဲဖြစ်ဖြစ်
ပေါ့နော်ကျွန်မတို့ကချက်ချင်းအရေးယူပြီးတော့မှ ဆုံးဖြတ်ချက်ချလိုက်တာမျိုးတွေကိုမလုပ်ပါနဲ့။ ဒီကိစ္စကို ကျွန်မသေချာလေးစဉ်းစားပြီးတော့မှ မနက်ဖြန်ရောက်တော့မှပဲအကြောင်းပြန်မယ်ဆိုပြီးတော့ ခဏလောက်လေး အချိန်လေးစောင့်လိုက်ပါ။ တစ်ညအိပ်လိုက်ပြီးတော့မှကိုယ့်ရဲ့စိတ်ကပိုပြီးတော့မှ တည်ငြိမ်သွားတဲ့အခါမျိုးကျမှပဲကျွန်မတို့ကပိုပြီးတော့မှ သဲသဲကွဲကွဲရှင်းရှင်းလင်းလင်းမြင်ကွင်းတစ်ခုကို
မြင်ရလိမ့်မယ်အဲ့အခါကျမှပဲကျွန်မတို့ရဲ့ဆုံးဖြတ်ချက်တစ်ခုကိုသေသေချာချာလေးချမှတ်ပါ။
ဒုတိယတစ်ချက်ကတော့ mindfulness breathing ပါ။ သတိနဲ့အသက်ရှူခြင်းပဲဖြစ်ပါတယ်။
အရေးကြီးတဲ့အစည်းအဝေးခန်းမထဲကိုမဝင်ခင် သုံးမိနစ်လောက်မှာ အသက်ကိုပြင်းပြင်းလေးရှူသွင်းရှူထုတ်တာမျိုးကို
ပြုလုပ်ပေးပါ။ ဒီနည်းလမ်းလေးဟာ ရိုးရှင်းတယ်ဆိုပေမဲ့ သင့်ဦးနှောက်ရဲ့ဆုံးဖြတ်ချက်ချတဲ့အပိုင်း Prefrontal cortex ကို အလုပ်လုပ်စေပြီးတော့မှ စိတ်ဖိစီးမှုများတဲ့ ဟော်မုန်းတွေကို လျှော့ချပေးစေပါတယ်။ အဲ့လို stress ဟော်မုန်းတွေက လျော့ကျပြီးတော့မှ စိတ်တည်ငြိမ်သွားတော့မှပဲ ကျွန်မတို့ရဲ့ ဆုံးဖြတ်ချက်တွေက ပြတ်ပြတ်သားသားနဲ့ ရှင်းရှင်းလင်းလင်းချမှတ်နိုင်မှာပဲဖြစ်ပါတယ်။
တတိယအချက်အနေနဲ့ကကျတော့ Worst Case Scenario အဆိုးဆုံးအချက်အလက်တွေကို ကြိုတင်တွက်ချက်ခြင်းပဲဖြစ်ပါတယ်။
စိတ်ခံစားချက်နောက်မပါသွားအောင် logic ကျကျ အကြောင်းနဲ့အကျိုးဆက်စပ်ပြီးတော့မှ တွေးခေါ်တာပဲဖြစ်ပါတယ်။ ငါအခုချိန်မှာဆုံးဖြတ်လိုက်ရင်အဆိုးဆုံးဟာ ဘာဖြစ်လာနိုင်လဲ၊အဲ့ဒီဖြစ်ရပ်အတွက်ကောငါ့မှာ Plan B ရှိရဲ့လားဆိုတာကိုကိုယ့်ကိုယ်ကိုပြန်မေးကြည့်ပါ။ ဒါဟာ emotional တုံ့ပြန်မှုကနေပြီးတော့ Strategic ကျကျတုံ့ပြန်မှုဖြစ်သွားအောင်လို့ စိတ်ကိုလေ့ကျင့်ပေးလိုက်တာပဲဖြစ်ပါတယ်။
အခုကျွန်မပြောသွားတဲ့အချက်ကလေးသုံးချက်ကို
လိုက်လုပ်ကြည့်ပေးပါ။ အဲ့ဒါမျိုးလုပ်ရင်ကျွန်မတို့က ဆုံးဖြတ်ချက်ချရခက်တဲ့အချိန်တွေမှာဆိုရင် ဒီနည်းလမ်းလေးသုံးခုကို လေ့ကျင့်ထားခြင်းအားဖြင့် ကျွန်မတို့ဆုံးဖြတ်ချက်တွေပိုပြီးတော့မှ မှန်ကန်လာမယ်၊ ကျွန်မတို့တည်တည်ငြိမ်ငြိမ်နဲ့ ပိုပြီးတော့မှ ဆုံးဖြတ်ချက်တွေမှန် မှန်ကန်ကန်ချနိုင်လာမှာပဲဖြစ်ပါတယ်။